ရန်ကုန် ၁၈ ဇွန်

 

လူငယ်များ အင်တာနက်ကို စိတ်ချလုံခြုံစွာနဲ့ အကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ် ဆောင်ရွက်သည့် “ချစ်ခင်ကြင်နာ၊ အွန်လိုင်းကမ္ဘာ” အွန်လိုင်းဘေးကင်း လုံခြုံမှုဆိုင်ရာ လှုပ်ရှားမှုကို ယနေ့ စတင်လိုက်ပြီဖြစ်ကြောင်း တယ်လီနောမြန်မာမှ သတင်းထုတ်ပြန်ထားသည်။

 

ဤလှုပ်ရှားမှုသည် Covid-19 ကပ်ရောဂါကာလအတွင်း ကလေးသူငယ်များနှင့် လူငယ်များအကြား အကြမ်းဖက်ခြင်းနှင့် ဘေးအန္တရာယ်များ မြှင့်တက်လာချိန်တွင် အပြုသဘောဆောင်သည့် အွန်လိုင်း အမူအကျင့်များကို အားပေးခြင်းဖြင့် လူငယ်များ၏ အသံကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ပလန်အင်တာနေရှင်နယ်နှင့် တယ်လီနောမြန်မာတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

 

ဤလှုပ်ရှားမှုသည် အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခြင်း၊ အမုန်းစကားများ ဖြန့်ဝေခြင်း၊ လိမ်လည် ရင်းနှီးမှုရယူခြင်း၊ ညစ်ညမ်းပုံနှင့် စာများပေးပို့ခြင်း၊ သတင်းအတုများ စသည့် ပြဿနာများအား နားလည် သဘောပေါက်လာစေရန်နှင့် ဒစ်ဂျစ်တယ် နည်းပညာတွင် ကျွမ်းကျင်လာစေရန် ပံ့ပိုးလုပ်ဆောင်မှာ ဖြစ်သည်။

 

“ကလေးငယ်တွေနဲ့ လူငယ်တွေ၊ အထူးသဖြင့် မိန်းကလေးများအတွက် လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင် တစ်ခုဖြစ်လာဖို့ဆိုတာ တယ်လီနောရဲ့ လူမှုအကျိုးပြု ဦးတည်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ မိုဘိုင်းနဲ့ ဒစ်ဂျစ်တယ် ဆက်သွယ်ရေးဟာ လူတိုင်းအတွက် ဖြစ်သင့်တယ်လို့ ကျွန်တော်တို့အားလုံး ယုံကြည်ပါတယ်။ အင်တာနက်ကို စိတ်ချလုံခြုံစွာနဲ့ အကျိုးရှိစွာ အသုံးပြုတတ်ဖို့က အရေးကြီးတဲ့ အတတ်ပညာ တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် အခုပြုလုပ်တဲ့ ဒစ်ဂျစ်တယ် နည်းပညာ ကျင်လည်မှု သင်တန်းကမှတစ်ဆင့် အွန်လိုင်းပေါ်မှာ လိုက်နာသင့်တဲ့ အပြုအမူတွေ၊ မသင့်တော်တဲ့ အကြောင်းအရာအတွေနဲ့ တရားမဝင်တဲ့ အကြောင်းတွေကို စနစ်တကျ တိုင်ကြားနည်းတွေအပြင် လူငယ်တွေကို လုံခြုံစိတ်ချမှုရှိရှိ အဆက်အသွယ် လုပ်နိုင်မယ့် အခွင့်အရေး တစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Jon Omund Revhaug မှ ပြောကြား ခဲ့သည်။

 

Covid-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် ကျောင်းများနှင့် လုပ်ငန်းများကို ဆက်လက်၍ လည်ပတ်နိုင်ရန် အဟန့်အတား ဖြစ်နေပြီး၊ လူငယ်အများစုသည် လူမှုမီဒီယာကို ပညာသင်ယူခြင်းနှင့် ဖျော်ဖြေရေးများအတွက် နေ့စဉ်သုံးစွဲ လာကြသည်။ အွန်လိုင်း အနိုင်ကျင့် ဗိုလ်ကျမှု ကဲ့သို့သော အွန်လိုင်း အန္တရာယ်များ ကြုံတွေ့လာပါက လူငယ်အနည်း စုကသာလျှင် မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိကြသည်။

 

ဤကမ်ပိန်းကို လူငယ်ခေါင်းဆောင်များက ရှေ့တန်းမှ ဦးဆောင်ကာ မြန်မာလူငယ်များအတွက် ဘေးကင်းလုံခြုံသည့် အွန်လိုင်းနေရာ ဖန်တီးပေးခြင်း၊ အပြုသဘောဆောင်သည့် အွန်လိုင်း အမူအကျင့်ကောင်းများ မြှင့်တင်ပေးခြင်း၊ လူငယ်များအား အပြုသဘော မဆောင်သည့် အွန်လိုင်း အပြုအမူများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်သည်။

 

ထို့အပြင် ကလေးသူငယ်များနှင့် လူငယ်များအကြား ကောင်းမွန်သော စိတ်နေ သဘောထားများ၊ တန်ဖိုးထားမှုများ၊ အမူအကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် လူမှုရေးညီညွတ်မှု၊ ဖွံ့ဖြိုး တိုးတက်ရေးများအတွက် အထောက်အပံ့ဖြစ်စေရန်အလို့ငှာ အင်တာနက်ကို အကျိုးရှိရှိ အသုံးပြုတတ်လာစေရန် ဆောင်ရွက်သွား မည်ဖြစ်သည်။

 

ဤလှုပ်ရှားမှုသည် တိုင်းဒေသကြီး (၈) ခုမှ အလယ်တန်းနှင့် အထက်တန်းအဆင့်ရှိ အခြေခံ ကျောင်းသား / ကျောင်းသူ ၇၀ဝ,ဝ၀ဝ သိန်းထံသို့ တိုက်ရိုက်ရောက်ရှိရုံသာမက လူမှုမီဒီယာ များမှတစ်ဆင့် ထောင်ပေါင်းများစွာသော  လူငယ်များထံသို့ ရောက်ရှိနိုင်ရန်လည်း မျှော်မှန်းထားကြောင်း သိရသည်။

 

မေသက်ထား