ရန်ကုန် ၁၁ ဇန်နဝါရီ
မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ စကားဝိုင်းကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင် ကျင်းပသည်။
မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ စကားဝိုင်းအား မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် MPT တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူငယ်များ တီထွင်ကြံဆမှုအား မြေတောင်မြောက်ပံ့ပိုးပေးလျက်ရှိရာ Myanmar Youth Technopreneurship Development Program 2020 ပြိုင်ပွဲတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိစေမည့် တီထွင်ဆန်းသစ်မှုများဖြင့် ယှဉ်ပြိုင်နိုင်ရန် အတွေ့အကြုံရှိသော စီးပွားရေးလုပ်ငန်းရှင် ပုဂ္ဂိုလ်လေးဦးမှ စကားဝိုင်းအဖြစ် ဆွေးနွေးခဲ့ပြီး ဆက်လက်၍ အောင်မြင်စလူငယ်များကလည်း စကားဝိုင်းအဖြစ် ပြန်လည်ဆွေးနွေးခဲ့ကာ စိတ်ပါဝင်စားစွာ တက်ရောက်လာသော လူငယ်များကလည်း ပြိုင်ပွဲအတွက် သိလိုသည်တို့ကို မေးမြန်းကြသည်။
မြန်မာပြည်တွင် မျိုးဆက်သစ်လူငယ် စွန့်ဦးတီထွင်သူများစွာ လိုအပ်လျက်ရှိပြီး လူငယ်များစွာကို မွေးထုတ်ပေးသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ရာ MYTDP ပြိုင်ပွဲတွင် အောင်မြင်သူများအား ယခုနှစ်တွင် ကျပ်သိန်း(၁၀ဝ)ထိ ချီးမြှင့်သွားမည်ဖြစ်၍ လုပ်ငန်းအတွက် ခြောက်လစာ နေရာအခမဲ့ရရှိမည့်အပြင် ကုမ္ပဏီမှတ်ပုံတင်ဝန်ဆောင်မှုကိုလည်း ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဆက်စပ်သော နိုင်ငံတကာညီလာခံနှင့် လူငယ်တွေ့ဆုံပွဲများ တက်ရောက်နိုင်သော အခွင့်အရေးများကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်မှစတင်၍ မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ကျင်းပခဲ့ပြီးဖြစ်ရာ ယခုအကြိမ်သည် (၃)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယှဉ်ပြိုင်ကြမည့် စွန့်ဦးတီထွင်လူငယ်များအနေဖြင့် ဇန်နဝါရီ ၂၄ ရက်တွင် လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၄ ရက်မှစတင်၍ ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ရာ ရွေးချယ်ခံရသောအသင်းများအား ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် နောက်ဆုံးယှဉ်ပြိုင်မှုအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- သန်းစိုး၊ သန်းထိုက်


