ယင်းမာပင် ၃ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် မြန်မာ့လယ်ယာ စီးပွားရေးဘဏ်ခွဲမှ JICA (Two Step Loan )ချေးငွေလုပ်ငန်းနှင့် ပတ်သက်၍ ချေးငွေစိစစ်ရေး အဖွဲ့ဝင်များအား ချေးငွေသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ယင်းမာပင်မြို့နယ် မြန်မာ့လယ်ယာစီးပွားရေးဘဏ်ခွဲ၌ ကျင်းပသည်။
အခမ်းအနားတွင် ယင်းမာပင်မြို့နယ် မြန်မာ့လယ်ယာစီးပွားရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဦးကျော်ကျော်ဆန်းက JICA (Two Step Loan ) ချေးငွေလုပ်ငန်းနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများအသုံးပြု၍ သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ပြီး သီးနှံများအထွက်တိုးရရှိစေရန်၊ လက်ငင်းမဝယ်ယူနိုင်သော တောင်သူများအတွက် ဘဏ်သို့အရစ်ကျစနစ် ပေးသွင်းပြီး စက်ပိုင်ဆိုင်မှု ရရှိစေမည့် ချေးငွလုပ်ငန်းစဉ်နှင့် စည်းကမ်းချက်များ၊ စက်ချေးငွေအမှန် လိုအပ်ပြီး ပြန်လည် ပေးဆပ်နိုင်စွမ်းအားနှင့် အာမခံခိုင်လုံမှုရှိသော တောင်သူများအား မှန်ကန်စွာထုတ်ချေးနိုင်ရေးနှင့် ချေးငွေများ မဆုံးရှုံးစေရေးအတွက် ချေးငွစိစစ်ရေးအဖွဲ့ဝင်များအား ယခုလို သင်တန်းပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ချေးငွေမူဝါဒ၊ ချေးငွေစည်းကမ်းချက်များ၊ ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များ သင်ကြားပို့ချမှာဖြစ်ပြီး သင်တန်းသို့ ယင်းမာပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ ချေးငွေစိစစ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။ သင်တန်းကားလမှာ တစ်ရက်တာ သင်ကြားပို့ချ ပေးသွားမှာဖြစ်ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


