မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မကွေးတိုင်းဒေသကြီးရှိ တောင်သူများအား ယခုနှစ်အတွင်း ငွေကျပ်သန်းပေါင်း ၁၃၂၈၉၄ သန်းကျော် ထုတ်ချေးပေးနိုင်

မကွေး  ၁၉  အောက်တိုဘာ

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်မှ ယခုနှစ် မိုးရာသီကာလ စိုက်ဧက ၁၁၃၅၇၂၈ ဧကအတွက် စိုက်ပျိုးစရိတ်အဖြစ် ငွေကျပ်သန်းပေါင်း ၁၃၂၈၉၄.၃၀သန်းကို မေလမှစ၍ စက်တင်ဘာလကုန်အတွင်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်မှ တောင်သူများ၏ စပါးသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် ၃၈၆၄၃၀ ဧကအတွက်နှင့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင်  ငွေကျပ်တစ်သိန်းနှုန်းဖြင့်  စိုက်ဧက ၇၄၉၂၉၈ ဧက၊ စုစုပေါင်းစိုက်ဧက ၁၁၃၅၇၂၈ အတွက် ငွေကျပ်သန်းပေါင်း ၁၃၂၈၉၄.၃၀ ကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

အလားတူ ၂၀၁၈ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် မြို့နယ် ၂၅ မြို့နယ်မှ တောင်သူများအား စပါးစိုက်ဧက တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံ စိုက်ဧက တစ်ဧကလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၉၄၆၄၇.ဝ၅သန်းကို ထုတ်ချေးနိုင်ခဲ့ရာ တောင်သူများမှ ၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်းက ရာနှုန်းပြည့် ပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မကွေးတိုင်းဒေသကြီးဘဏ်ခွဲမှ တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်တင်ဦးထံမှ သိရသည်။

ဝေဖြိုးလေး(ပြန်/ဆက်)