သတင်းဆောင်းပါး - မောင်ထွန်း(လူထုကျန်းမာ)
မြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် ရေမြေအခြေခံကောင်းများစွာ တည်ရှိနေသည်။ ထို့ပြင် စိုက်ပျိုးမွေးမြူရေးကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းပြုသည့် ကျေးလက်နေပြည်သူသည် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိနေသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ဆောင်ရွက်ရာတွင် မွေးမြူရေးကဏ္ဍကို ချန်လှပ်ထား၍မရပေ။ သို့အတွက် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ဆောင်ရွက်ရာ တွင် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည့် ကျေးလက်နေပြည်သူများ အကျိုးများစေမည့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မွေးမြူရေးသုတေသနလုပ်ငန်းများဖြင့် ဖော်ထုတ်ဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်၍ ခေတ်မီဖွံ့ဖြိုးသော မွေးမြူရေး နည်းစနစ်များပေါ်ထွန်းလာစေရန်၊ မြန်မာနိုင်ငံ၏ မွေးမြူရေးလုပ်ငန်းများခေတ်နှင့်အညီ ဖွံ့ဖြိုး တိုးတက်လာရန်နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍဆိုင်ရာ အထူးပြုသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်တို့သည် အပြန်အလှန် ဆက်နွှယ်တည်မှီနေသည့်အတွက် မွေးမြူရေး သမိုင်းတွင် ယခင်ကမရှိခဲ့သည့် မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို ခေတ်နှင့်အညီ တာဝန်ခံ ဆောင်ရွက်မည့် မွေးမြူရေးသုတေသနဦးစီးဌာနကို အသစ်ဖွဲ့စည်းကာ နိုင်ငံ့စီးပွား၊ ပြည်သူ့စီးပွား အတွက် အားစိုက်ဆောင်ရွက်သွားမည် ဖြစ်သည်။
မွေးမြူရေးသုတေသနဦးစီးဌာနကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ ဦးစီးဌာန/ တက္ကသိုလ်တို့မှ အရာထမ်း ၁၅ ဦး၊ အမှုထမ်း ၂၂ ဦး စုစုပေါင်းဝန်ထမ်း ၃၇ ဦးဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇေယျာသီရိ မြို့နယ် ရေဆင်း၌ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ် ဖွဲ့စည်းထားပြီဖြစ်သည်။
မွေးမြူရေးအထူးပြု သုတေသနဌာနတစ်ခု ဖွင့်လှစ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ မွေးမြူရေး နှင့်ရေလုပ်ငန်းကဏ္ဍ သုတေသနလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
မွေးမြူရေးသုတေသန ဦးစီးဌာနအနေဖြင့် အမျိုးသားအဆင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ သုတေသနစနစ်တည်ထောင်ပြီး ကဏ္ဍ အလိုက် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရန်၊ အစိုးရအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည့် နိုင်ငံတကာအဆင့်မီ သုတေသနအဖွဲ့အစည်းနှင့် အမျိုးသားအဆင့် သုတေသနနှင့် တိုးချဲ့ပညာပေးရေးစနစ်များ ထူထောင်၍ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နိုင်ရန်၊ စားနပ်ရိက္ခာဖူလုံ ရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် လိုအပ်သောနည်းပညာရရှိရေး ကူညီ ဆောင်ရွက်ပေးရန် ရည်ရွယ်ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့အတူ မွေးမြူရေးနှင့်ရေလုပ်ငန်း ထွက်ကုန် များကို အခြေခံပြီး တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး ကို အားပေးကူညီ ဆောင်ရွက်နိုင်ရန်၊ ပိုးမွှားရောဂါ ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး၊ မွေးမြူထုတ်လုပ်မှု အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရန်၊ တိရစ္ဆာန် သယံဇာတမပြုန်းတီးရေးနှင့် အရင်းအမြစ်များတိုးပွားရေး၊ ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီသည့် မျိုးရိုးဗီဇရှိ တိရစ္ဆာန်များ ဖော်ထုတ်ထိန်းသိမ်းမွေးမြူရန်၊ သုတေသနနှင့် ပညာပေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်အကောင်အထည်ဖော်မည် ဖြစ်သည်။
ခေတ်မီနည်းပညာသုံး သုတေသနလုပ်ငန်းများ
ထိုကဲ့သို့ ရည်ရွယ်အကောင်အထည်ဖော်မည့် လုပ်ငန်းများ အောင်မြင်မှုရှိစေရန်အတွက် ကဏ္ဍ အလိုက် သုတေသနလုပ်ငန်းများဖြင့် ဆောင်ရွက် သွားမည်ဖြစ်သည်။ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအလိုက် စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရပြည့်ဝသည့် မွေးမြူရေးနှင့် ရေလုပ်ငန်း ထုတ်ကုန်ဆိုင်ရာ၊ ရေရှည်တည်တံ့မည့် မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ၊ အစားအစာ သိပ္ပံဆိုင်ရာနည်းပညာနှင့် အရည်အသွေးမြင့်မား သည့် ထုတ်ကုန်များ ဖွံ့ဖြိုးရေးကွင်းဆက်ဆိုင်ရာ၊ မွေးမြူစီးပွားရေးနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ၊ ကုန်းနေရေနေ တိရစ္ဆာန်မျိုးရိုး ဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းခြင်း ဆိုင်ရာ၊ မျိုးမွေးမြူထိန်းသိမ်းခြင်း၊ မျိုးကောင်း မျိုးသန့်အသစ်များ ဖော်ထုတ်ခြင်းဆိုင်ရာ၊ ဈေးကွက်ဝင်တန်ဖိုးမြှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်မှုကွင်းဆက်ဆိုင်ရာနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဖြန့်ဝေခြင်းစသည့် သုတေသန လုပ်ငန်းရှစ်ရပ်ဖြင့် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်သည်။
မွေးမြူသူလက်ဝယ်သို့ နည်းပညာလွှဲပြောင်းခြင်း
မွေးမြူရေးသုတေသန ဦးစီးဌာနအနေဖြင့် ဆောင်ရွက်သွားမည့် သုတေသနလုပ်ငန်းများ၏ ရလဒ်များကို မွေးမြူရေးလုပ်ကိုင်သူ ပြည်သူများထံ အသိပညာ၊ နည်းပညာအဖြစ်ဖြန့်ဝေရန် အဓိက ရည်ရွယ်ထားသည်။ သို့မှသာ နည်းပညာနှင့် သုတေသနရလဒ်များကို မွေးမြူသူများရရှိကာ ပြန်လည်ဖြန့်ဝေအသုံးချခြင်းဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် သည်။
ထို့ကြောင့် နည်းပညာနှင့် သုတေသနရလဒ် များကို မွေးမြူသူများသို့ လေ့ကျင့်သင်ကြား ပညာပေးဖြန့်ဝေပေးနိုင်ရန် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကိုးခုတွင် အောက်ဖော်ပြပါ ကုန်းသတ္တဝါ ဆိုင်ရာ ဒေသသုတေသန စခန်းခုနစ်ခု၊ ရေသတ္တဝါ ဆိုင်ရာ ဒေသသုတေသနစခန်းခုနစ်ခု စုစုပေါင်း ဒေသဆိုင်ရာ သုတေသနစခန်း ၁၄ ခုဖြင့် ဖြန့်ကြက် ဆောင်ရွက်သွားမည်ဖြစ်သည် -
ကုန်းသတ္တဝါဆိုင်ရာ သုတေသနစခန်းများ
(၁) အပူပိုင်းဒေသ စားမြုံ့ပြန်သတ္တဝါ (ကျွဲ၊
နွား) သုတေသနစခန်း (ပွင့်ဖြူမြို့နယ်၊
မကွေးတိုင်းဒေသကြီး)။
(၂) အပူပိုင်းဒေသ စားမြုံ့ပြန်သတ္တဝါ
အသားစားနွား၊ နို့စားနွား သုတေသန
စခန်း (ပျော်ဘွယ်မြို့နယ်၊ မန္တလေး တိုင်းဒေသကြီး)။
(၃) အပူပိုင်းဒေသ စားမြုံ့ပြန်သတ္တဝါ (ကျွဲ၊
နွား၊ သိုး၊ ဆိတ်) သုတေသနစခန်း
(မြိုင်မြို့နယ်၊ မကွေးတိုင်းဒေသကြီး)။
(၄) အအေးပိုင်းဒေသ စားမြုံ့ပြန်သတ္တဝါ(ကျွဲ၊
နွား၊ သိုး၊ ဆိတ်) သုတေသနစခန်း
(ဆီဆိုင်မြို့နယ်၊ ရှမ်းပြည်နယ်)။
(၅) မိုးများရပ်ဝန်းဒေသ ဝက်၊ ကြက်နှင့်
ဘဲမျိုးများ (ကြက်၊ ကြက်ဆင်၊ ငုံး၊
ဘဲငန်း၊ မန်ဒါလီ) သုတေသနစခန်း
(ဘုရားကြီးမြို့၊ ပဲခူးမြို့နယ်၊ ပဲခူး
တိုင်းဒေသကြီး)။
(၆) အအေးပိုင်းဒေသ မြင်း၊ မြည်း၊ လား သုတေသနစခန်း (တောင်ခမ်း၊ နောင်ချို မြို့နယ်၊ ရှမ်းပြည်နယ်)။
(၇) အပူပိုင်းဒေသ ပျား၊ နွားနောက်၊ မြင်း၊
အိမ်မွေးတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်
သုတေသနစခန်း (ရွှေမြို့၊ တပ်ကုန်း
မြို့နယ်၊ နေပြည်တော်)။
ရေသတ္တဝါဆိုင်ရာ သုတေသနစခန်းများ
(၁) ရေချိုငါးသုတေသနစခန်း (မန္တလေး၊ မန္တလေးတိုင်းဒေသကြီး)။
(၂) ရေချိုငါးသုတေသနစခန်း (ပန်းတနော်၊ ဧရာဝတီတိုင်းဒေသကြီး)။
(၃) ရေချို/ ရေငန် ပုစွန်သုတေသနစခန်း (ချောင်းသာ၊ ဧရာဝတီတိုင်းဒေသကြီး)။
(၄) ရေငန်ငါးသုတေသနစခန်း (ကျွန်းစုမြို့၊ တနင်္သာရီတိုင်းဒေသကြီး)။
(၅) ရေငန်ပုစွန်သုတေသနစခန်း (ဝမော်၊ လောင်းလုံမြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီး)။
(၆) ရေငန်ငါး/ ပုစွန်သုတေသနစခန်း(သံတွဲမြို့နယ်၊ ရခိုင်ပြည်နယ်)။
(၇) အအေးပိုင်း ငါးသုတေသနစခန်း (ပူတာအိုမြို့၊ ကချင်ပြည်နယ်)။
မွေးမြူရေးသုတေသနဦးစီးဌာနကိုဖွဲ့စည်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍအတွက် အဓိက လိုအပ်ချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ပေးနိုင်ခြင်း၊ မျိုးစစ်များ ထိန်းသိမ်း၍ မျိုးပွားပေးနိုင်ခြင်းများ ဆောင်ရွက်နိုင်မည့်အပြင် ရောဂါများကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်း ဆိုင်ရာ လက်တွေ့အသုံးချနိုင်သော နည်းပညာများ ကို ပြည်သူလူထုကြားသို့ ဖြန့်ဝေပေးနိုင်မည် ဖြစ်သည်။
ထို့ပြင် တိရစ္ဆာန်အစာနှင့် ဆေးဝါးများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို စနစ်တကျ သုတေသနပြုစမ်းသပ်နိုင်မည်ဖြစ်ပြီး ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတကာ အဆင့်မီ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကာ စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအသောက် ဘေး အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို အထောက် အကူပြုနိုင်မည် ဖြစ်သည်။
ထို့ကြောင့် မွေးမြူရေးသုတေသနဌာန ဖွင့်လှစ် နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်း မော်ကွန်းသစ်တစ်ခု ရေးထိုးလိုက်နိုင်ခြင်းပင်ဖြစ် သည်။ မွေးမြူရေးသုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ နိုင်ငံ၏ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး မွေးမြူရေး နှင့် ရေလုပ်ငန်းထွက်ကုန်ပစ္စည်းများမှ ပြည်တွင်း တစ်ဦးချင်း အသား၊ ငါး၊ နို့၊ ဥ စားသုံးနှုန်းများ ဖူလုံလာစေမည်ဖြစ်သည်။ ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ခြင်းဖြင့် မွေးမြူရေးနှင့်ရေလုပ်ငန်းမှ နိုင်ငံသားတစ်ဦးချင်း ဝင်ငွေတိုးတက်လာစေမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။ ။