မြန်မာ့မြေပေါ်မှ မိုမိုများ မျိုးဆက် မပြုတ်စေရေး

၁၃ ဒီဇင်ဘာ

 

လက်ရှိ မြန်မာနိုင်ငံတွင် တောဆင်ရိုင်း ကောင်ရေ ၁ဝဝဝ ကျော် ၂ဝဝဝ ခန့်သာ ကျန်ရှိတော့ပြီး လာမည့်ဆယ်စုနှစ် နှစ်ခုစာခန့်တွင် ဆင်ကို ရုပ်ပုံများတွင်သာ တွေ့ရတော့မည့် အခြေအနေသို့ ရောက်ရှိသွားတော့မည် ဟူသော သတင်းစကားများ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လျက်ရှိသည်။ သတင်းမီဒီယာများတွင်လည်း မကြာခဏဆိုသလို တောဆင်ရိုင်း များ သတ်ဖြတ်ခံရသည့် သတင်းများ ဖော်ပြလျက်ရှိရာ ရက်သတ္တတစ်ပတ်လျှင် တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံနေရကြောင်းကိုလည်း သိရှိရသည်။

 

မြန်မာနိုင်ငံသည် ရှေးအခါက ဆင်ပေါများသည့် နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ ဆင်တပ်၊ မြင်းတပ်များဖြင့် နိုင်ငံ၏ လက်ရုံးကို ပြသကြရသည့် ပဒေသရာဇ်ခေတ်တွင် မြန်မာ့ဆင်တပ်များဖြင့် နိုင်ငံ့အင်အားကို ခေတ်ပြိုင် အိမ်နီးချင်းတို့ ခန့်ညားခဲ့ကြရသည်။ သမိုင်းမှတ်တမ်းများအရ စစ်ရေးလိုအပ်ချက်အတွက် တောရိုင်းဆင်များကို ဖမ်းဆီးကြရာတွင် သတ်မှတ်ထားသည့် တောကြီးတစ်ခုလုံးကို ဆင်တပ်၊ မြင်းတပ်၊ ခြေလျင်တပ်များ အပါအဝင် လူဦးရေ အမြောက်အမြားဖြင့် ဝိုင်းပတ်၍ စက်ဝိုင်းကို တဖြည်းဖြည်း ချုံ့ပေးရင်း လျှိုမြောင်တောင်ကြားများထဲသို့ တောဆင်ရိုင်း အုပ်စုလိုက် ရောက်ရှိသွားစေကာ ဆင်ကောင်ရေ တစ်ရာ၊ နှစ်ရာမှသည် ခြောက်ရာ၊ ခုနစ်ရာအထိ တစ်ပြိုင်နက်တည်း ဖမ်းဆီးကြောင်း မှတ်သားရဖူးသည်။ ဖမ်းဆီးမိလာသော ဆင်များကို ယဉ်ကျေးအောင် လေ့ကျင့်ပေးကာ ယင်းမှ တစ်ဆင့် စစ်ရေးစစ်ရာများတွင် သုံးစွဲနိုင်အောင် လေ့ကျင့်ပေးပြီး ဆင်တပ်များကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

 

ယခုအခါ သစ်တောများ လျော့နည်းပြုန်းတီးလာခြင်း၊ လူနေထူထပ်လာကာ လူများ စိုက်ပျိုးလုပ်ကိုင် စားသောက်ကြသည့် နေရာများနှင့် ဆင်စားကျက်များ နီးကပ်လာခြင်း၊ ထပ်လာခြင်းတို့ကြောင့် ဆင်နှင့် လူတို့ ပဋိပက္ခဖြစ်လာခြင်း၊ တရားမဝင်သတ်ဖြတ်ခြင်း အမျိုးမျိုးတို့ကြောင့် ရှေးခေတ်ကာလက ဆင်ပေါများခဲ့သည့် မြန်မာနိုင်ငံမှာ ဆင်ကောင်ရေ လျင်မြန်စွာ လျော့နည်းကျဆင်းလာသည့် အခြေအနေနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ ဆင်များကို သတ်ဖြတ်ခြင်းတွင် ယခင်က ဆင်စွယ်ရယူလို ခြင်းကြောင့်ဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် ဆင်အရေပြား၊ ဆင်နှာမောင်း စသည်တို့ကိုပါ မှောင်ခိုုဈေးကွက်များက တောင်းဆိုမှုများ ရှိလာသည့်အလျောက် အစွယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သည့်ဆင်မဆို သတ်ဖြတ်ခံရမည့်အ္တရာယ်နှင့် ရင်ဆိုင်လာကြရခြင်းဖြစ်သည်။

 

ယင်းသို့သော အခြေအနေကို တုံ့ပြန်နိုင်ရန်အတွက် ''Voices for MoMos'' ခေါ် အစီအစဉ်တစ်ခုကို နိုဝင်ဘာ ရက်မှ စတင်ကာ ခြောက်လကြာ လူထုပညာပေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ရာ လုပ်သင့်သော လုပ်ငန်းတစ်ရပ်ကို အချိန်အခါသင့်ဆောင်ရွက်မှုဖြစ်သည်ဟု ရှုမြင်မိသည်။ အသိပညာပေးမှုများနှင့်အတူ ပိတ်ဆို့တားဆီးမှု၊ ရှာဖွေစစ်ဆေးမှု၊ ထိထိရောက်ရောက်အရေးယူမှုများကိုပါ သက်ဆိုင်ရာတို့က ဟန်ချက်ညီညီ ဆောင်ရွက်သွားခြင်းဖြင့် မြန်မာ့မြေပေါ်မှ ဆင်(မိုမို)များ မျိုးဆက်မပြုတ်ဘဲ အနာဂတ်တွင် ဆက်လက်တည်တံ့ရှင်သန်မှုကို အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။