ရွှေဘိုသီရိမာလာ

 

မြန်မာတို့၏ ဆို၊ က၊ ရေး၊ တီး ဟူသော  ဂီတသည်    အနုပညာရိုးရာ   ဖော်ထုတ်ရာတွင် အသက်ဖြစ်သည်။

 

မြန်မာလူမျိုးတို့သည် အဆို၊ အက၊ အတီး၊ အမှုတ်ကို ဝါသနာပါကြသည်။ အထူးသဖြင့် ဂီတသည် လူသားတို့၏ နှလုံးသားအား စွဲမက်လန်းဆန်းစေ သည်။ အဆိုနှင့် အက၊ အကနှင့် အတီး၊ အတီးနှင့် အဆိုတို့သည် တစ်ခုနှင့်တစ်ခု မှီလျက် အခြေခံသဘော သဘာဝအားဖြင့် အလွန်နီးစပ်လျက်ရှိသည်။ ၎င်းအနုပညာသုံးရပ်တွင် တစ်ခုချင်း အနေဖြင့်သာမက စည်းလုံးညီညွတ်ခြင်း သဘောသည် တပေါင်းတစည်းအားဖြင့်လည်း အထင်အရှားရှိသည်။ အဆို၏ စည်းလုံးညီညွတ်ခြင်း၊ အက၏ စည်းလုံး ညီညွတ်ခြင်း၊ အတီး၏ စည်းလုံးညီညွတ်ခြင်း၊ အမှုတ်၏ စည်းလုံးညီညွတ်ခြင်းနှင့် ထိုသုံးရပ်ပေါင်းတို့၏ စည်းလုံးညီညွတ်ခြင်း သဘောကြောင့် ဇာတ်အိမ်ဇာတ်ကွက်တို့သည် ကြည့်ရှုသူ၏ သောတ၊ စက္ခု၊ မန၊ ဝိညာဏ်စိတ်တို့ကို ဆွဲဆောင်နိုင်စွမ်း ဖြစ်လေသည်။

 

သားချော့တေး

 

မြန်မာလူမျိုးများသည် အမိဝမ်းမှကျွတ်၍ သေသည်အထိ ဂီတအနုပညာဖြင့် မကင်းကြပါချေ။ အမိဝမ်းတွင်းက ကျွတ်သည်ဆိုလျှင်ပင် မိခင်၏မေတ္တာ အပြည့်ပါသော တေးချိုချိုသည် လောကအဝင်အဖြစ် နားဝင်ချိုစွာကြားနေရ သည်။ “ရွှေဗျိုင်းညို ရေကန်ရိုး ထိုးတဲ့ ငါးရှင်၊ ကျောင်းအောက်ကို ဝင်တယ်လေ မှ၊ မကြီးငယ်ရွှေစာသင်” “ကြောင်ဖား ကြီးရဲ့ မြီးတံတို၊ အဆီစားပါလို့ အသား ကိုမျို ကြောင်အိုရယ်ပေမှေးကို ကိုက်ပါနဲ့ လေး” စသည်ဖြင့် သားချော့တေးကို ကြားဖူးကြပေလိမ့်မည်။

 

မြန်မာတို့၏ ယဉ်ကျေးမှုနယ်ပယ်တွင် ကဗျာ၊ လင်္ကာတို့၌ကား သားချော့ ကဗျာစုတို့သည် ဧချင်း၊ ကျူးချင်း၊ လွှဲချင်းဟူသော အမည်များကို ရရှိကြသည်။ ထီးနန်းစဉ်လာမဟာဂီတဆိုင်ရာ သီချင်းများ၌ကား ကလေးချော့တေးများ ကို “ဝိမ္ဗာသားကျူး” ဟူ၍လည်းကောင်း၊ “ ဝိမ္ဗာလွှဲချင်း”ဟူ၍လည်းကောင်း၊ “ဧယဉ်တော်ကျူး”ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ကဗျာဂီတဂိုဏ်းတွင် ထိုသို့ ဝေါဟာရအမည်များရှိသော်လည်း အရပ်သားတို့ အစဉ်အလာသုံးစွဲကြသည့် အထက်ပါ တေးသီချင်းများမှာ “ကျူးခြင်း၊ လွှဲချင်း၊ ဧချင်း” စသော အမည်များမသုံးကြပေ။ အရပ်သုံးစကား ဖြင့် (ကလေးချော့သီချင်းလေးများ) ဟူ၍ သာ သုံးနှုန်းကြပေသည်။ ရှေးရိုးအစဉ် အလာတွင် အမတ်ပညာရှင်များက သားသမီးတော်တို့ကို ချီးကျူးကာ ဆွေမျိုးတော်စဉ် မျိုးတော်ဆက် ဘိုးတော်၏ ဘုန်း၊ လက်ရုံး၊ တန်ခိုး အာဏာ၊ ဘေးလောင်းတော်၏ ဘုန်း၊ လက်ရုံး၊ အာဏာ၊ ထီးညွန့်နန်းလျာဖြစ်သော အဆိုပါ သားတော် သမီးတော်တို့၏ နောင်တစ်ချိန်တွင် တောက်ပမည့် ဘုန်းတန်ခိုး၊ သမ္ဘာတေဇာဆန်း စသည် တို့ကို ဖော်ထုတ်ဖွဲ့နွဲ့ထားသော ဧချင်း ဟူသော ကဗျာများကို စီကုံးရေးသား တင်ဆက်ကြရလျက် ဝေါကြီးမှု၊ ပျော့ကြီးမှု အဆိုတော်များက ဖတ်လျှောက် သီဆိုနားသွင်းကြရသည်။

 

ဧချင်းအစောင်စောင်တို့သည်  ထင်ရှားသော သက်သေခံများဖြစ်

 

မင်းရဲနရာဧချင်း၊ မင်းရဲဒိဗ္ဗဧချင်း၊ နတ်ရှင်မယ်တော်ဧချင်း၊ သခင်ထွေး ဧချင်း၊ မင်းတရားမယ်တော်ဧချင်း စသော ဧချင်းအစောင်စောင်တို့သည် ထင်ရှားသော သက်သေခံများဖြစ်သည်။ ထို့အပြင် အချီတော်၊ အချော့တော်၊ အထိန်းတော်တို့က သားတော် သမီးတော်တို့အား မြပုခက်တွင်တင်ကာ ဧယဉ်ကျူး၍ ချော့မော့ရသော ကျူးချင်း၊ လွှဲချင်း(သို့မဟုတ်)ဧယဉ်တော်ချင်း ဟုခေါ်ဆိုသော ကဗျာဂီတများလည်း ရှိသေးပေသည်။

 

ဤသည်မှာ ဂီတနှင့်ပတ်သတ်လာလျှင် လောကကိုဝင်ကတည်းက ချိုလွင်သော သားချော့တေး၊ လွှဲချင်း၊ ဧချင်း၊ ကျူးချင်းများဖြင့် စလာခဲ့ပေသည်။ သေဆုံးသောအခါတွင်လည်း ကျွန်မတို့ မြန်မာလူမျိုးများသည် ရှေ့ဆိုင်းနောက် ဆိုင်းလေးများ ပါတတ်သေးသည်။ ကျွန်မ တို့ မြန်မာလူမျိုးများသည် မွေးစမှ သေသည်အထိ ဂီတကို စွဲစွဲလန်းလန်း ခုံမင်ကြကြောင်း သတိပြုမိသည်။

 

အမှန်စင်စစ် သီချင်းတီးမှုတ် ခြင်းပညာကို ဂီတပညာဟူ၍ ဆိုလိုခြင်း ဖြစ်ချေသည်။ ဤဂီတပညာသည် သုခုမ (သို့မဟုတ်) အနုပညာတွင် တစ်ပါး ပါဝင်လေသည်။ ဂီတဆရာသည် ခမ်းနားသောအကြောင်းကို ပြောကြားလိုလျှင် ခမ်းနားသောအသံများကို အသုံးပြုလေ သည်။ အသွားကိုလည်း စီမံဖွဲ့ဆို၏။ အသံတစ်မျိုးနှင့်တစ်မျိုး ဆီလျော်အောင် စပ်ထားခြင်းကို အသွားဟူ၍ ခေါ်ဆိုသည်။ စကားလုံးကမည်မျှခမ်းနား စေကာမူ အသွားကခမ်းနားခြင်းမရှိ ခမ်းနားခြင်းမဖြစ်လျှင် ၎င်းဂီတမှာ ခမ်းနားမည်မဟုတ်ပေ။ စည်တော်သံများ ၏အသွားမှာ ဖြည်းဖြည်းနှေးနှေး ဣန္ဒြေရရနှင့် အလွန်ခမ်းနားပေသည်။ ဆူညံစွာ စကားပြောနေသူများပင် စည်တော်သံကိုကြားရလျှင် တိတ်ဆိတ် ၍ သွားပေလိမ့်မည်။ ကြားရသူတို့၏ စိတ်ထဲတွင် နန်းတော်ကြီးကို မြင်ရပေလိမ့်မည်။ ဘုရင်မင်းမြတ်ကို သတိရလာပေလိမ့်မည်။ စိတ်ထဲတွင် တစ်မျိုးခမ်းနား၍ လာပေမည်။ တစ်မျိုး ဣန္ဒြေရ၍လာပေမည်။ လွမ်းဆွတ် ကြွေကွဲဖွယ်ကောင်းသော သီချင်းကို စပ်မည်ဆိုလျှင် လွမ်းဆွတ်ကြွေကွဲ ဖွယ်ကောင်းသော အသံများကို ရောစပ် ပြီးလျှင် လွမ်းဆွတ်ဖွယ် အသွားဖြစ်အောင် ရေးစပ်ရပေမည်။ “စိန်ခြူးကြာ ညောင်” အစချီသော ဘောလယ်ကို ညဉ့်နက်သန်းခေါင် ကြားလိုက်ရသောအခါ မည်မျှကြည်နူးဖွယ်ကောင်းပါသနည်း။ ရေခင်းသံကို နံနက်အရုဏ် တက်ချိန်တွင် ကြားလိုက်ရသည့်အခါ မည်မျှ သာယာနာပျော်ဖွယ်ဖြစ်ပါသနည်း။ သီချင်းစာသားအဓိပ္ပာယ်ထက် အသံက အရေးကြီးသည်။ မြန်မာစာ မတတ်သောသူများပင်လျှင် ဘောလယ်ကို ကြားလိုက်သောအခါ အလွမ်းအဆွေး အကြောင်းစပ်ထားသော သီချင်းမှန်း သိပေလိမ့်မည်။ ဘီလူးဆိုင်း၊ ဘီလူး သီချင်းတို့ကို နားထောင်ကြည့်လျှင် မည်မျှ ကြမ်းတမ်းပါသနည်း။ မည်မျှ စိတ်ကို တုန်လှုပ်စေပါသနည်း။ မည်မျှ နားငြီးပါသနည်း။ အိုးစည်သံ၊ ဒိုးပတ် သံကို ကြားလိုက်ရသောအခါ မည်သူ သည် မခုန်ပေါက်ချင်ဘဲ ရှိလိမ့်မည်နည်း။ ပျော်ရွှင်စရာ ကခုန်ချင်စရာအသွားများကို စပ်ဖွဲ့ထားသောကြောင့် ဖြစ်ပေသည်။

 

မျိုးဆက်သစ် ဂီတဆရာများ

 

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ရှေးထက်ကျော်ကာလမှ ဂီတဆရာကြီးတို့သည် အသံကို ကောင်းမွန်စွာနိုင်သော ပုဂ္ဂိုလ်ကြီးဖြစ်ကြသည်။ ဥပမာအားဖြင့် (ဂီတဝိသော ဓနီကျမ်းပြုစုသူ) စောင်း ဆရာကြီး ဦးမောင်မောင်လတ်၊ ဘိလပ် ပြန်ဆရာညိမ်း၊ ဆရာမကြီးဒေါ်စောမြ အေးကြည်၊ ဦးဖိုးလှကြီး၊ ဦးချစ်ဖွယ်၊ မစိန်ဆင်၊ ဒဂုံမောင်ကြီး(ခ)ဦးအလီ၊ ဒေလီညွန့်၊ နန်းတော်ရှေ့ဆရာတင်၊ ရွှေပြည်အေး၊ ဦးပြုံးချို၊ ရွှေတိုင်အေး၊ စိန်ဝေလျှံ၊ ဂီတစိမ်းမောင်စသည့် ဆရာ တို့ဖြစ်သည်။ ကြည်နူးဖွယ်အကြောင်းကို သီဆိုလျှင် ကြည်နူးဖွယ်ကောင်းသော အသံဖြင့် ကြည်နူးဖွယ်အသွားကို ရအောင် စပ်ဆိုခဲ့ကြသည်။ ကြောက်မက် ဖွယ်သီချင်းကို စပ်ဆိုသောအခါတွင် လည်း ကြမ်းတမ်းသောအသံများဖြင့် ကြမ်းတမ်းသော အသွား၊ ခမ်းနားသော အကြောင်းကို စပ်ဆိုသောအခါ ခမ်းနားသောအသံနှင့် ခမ်းနားသောအသွားတို့ ကို အသီးသီး သီကုံးဖွဲ့စပ်ဆိုကြသည်။ စကားအဓိပ္ပာယ် ခမ်းနားခြင်းနှင့် စကားအသံ ခမ်းနားခြင်း၊ ခွဲခြားသိတတ်ရသည်။ စကားအဓိပ္ပာယ်ခမ်းနားတိုင်းလည်း စကားအသံမှာ မခမ်းနားပေ။ ရှေးဂီတဆရာတို့သည် မိမိတို့တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြလေသည်။ ဂီတပညာ တိုးတက်ရန်ကား ယခုခေတ် မျိုးဆက်သစ် ဂီတဆရာများက ပခုံးပြောင်း တာဝန်ယူရန်ရှိချေသည်။

 

အသံ ခုနစ်သံရှိသော မြန်မာ့ဂီတသံစဉ်

 

မြန်မာ့ဂီတသံမှန်သည်ကား... အသံခုနစ်သံရှိသော မြန်မာ့ဂီတသံစဉ်ပါ အသံများကို အကြမ်းရေတွက်ရာတွင် တစ်ပေါက်သံ၊ နှစ်ပေါက်သံ စသည်ဖြင့် အစဉ်အတိုင်း ခုနစ်ပေါက်သံအထိ ရေတွက်သည်။ ထိုကဲ့သို့ရေတွက်ရာတွင် ညာဘက်အသံသေးရာဘက်မှ ဘယ်သံ ကြီးရာဘက်သို့ ရေတွက်သည်။ တစ်ပေါက်သံမှ ခုနစ်ပေါက်သံအထိအသံများကို အသံတစ်ခုစီအတွက် အမည်များမှည့်ခေါ်ထားသည်။ အတိုခေါက်အားဖြင့်လည်း ဒူပြည်အောက်မြင် ခြောက်ညှင်းတို့ဖြစ်သည်။ အရှည်ကောက်အားဖြင့် ပုလဲ၊ ဒူရကဒွေး၊ ပြည်တော်ပြန်၊ အောက်ပြန်၊ မြင်စိုင်း၊ ခြောက်သွယ်ညွန့်၊ ညှင်းလုံးတို့ ဖြစ်သည်။ တစ်ပေါက်သံ၏အမည်မှာ ပုလဲ၊ နှစ်ပေါက်သံ၏ အမည်မှာ ဒူရကဒွေး စသည်ဖြင့် ရေတွက်၍ ခုနစ်ပေါက်သံ၏ အမည်မှာ ညှင်းလုံးဖြစ်သည်။

 

ထိုသံအမည်များမှာ စောင်းဝေါဟာရအခေါ်များ ဖြစ်သည်။ ထိုစောင်းအခေါ် အမည်များကို မြန်မာ့ဂီတပညာရှင်ကြီးများ မည်ကဲ့သို့ ရရှိခဲ့သည်ကို စေ့စပ်စွာ လေ့လာရန်လိုပေသည်။ အသံများကို အသံတည်ငြိမ်သော တိရစ္ဆာန်တို့၏ အသံများဖြင့် သတ်မှတ်ထားပါသည်။ လူတို့အသံသည် တည်တံ့မှု၊ တည်ငြိမ် မှုမရှိပေ။ စကားပြောရာတွင် တစ်ခါ တစ်ရံ တစ်ပေါက်သံကို တစ်ရံတစ်ဆစ် တစ်ဆယ့်နှစ်မူတည်သံအဖြစ်ထား၍ ပြောကြသည်။ နှစ်ပေါက်သံကိုလည်း ကောင်း၊ တစ်ခါတစ်ရံ ခုနစ်ပေါက်သံကို လည်းကောင်း မူတည်သံအဖြစ် ပြောကြသည်။ စကားပြောရာတွင် အသံတစ်ခုကို အပြည့်အဝ တိတိကျကျ မဟုတ်ဘဲ တစ်ဝက်သံများကို လည်းကောင်း၊ တစ်စိတ်သံများကို လည်းကောင်း မူတည်နေတတ်ပါသေးသည်။

 

အချို့သော တိရစ္ဆာန်များမှာ ဤကဲ့သို့ မဟုတ်ပါ။ အသံတည်ငြိမ်မှုရှိပါသည်။

 

ဤကဲ့သို့ အသံတည်တံ့သော တိရစ္ဆာန်များအနက်မှ တစ်ပေါက်သံ၊ နှစ်ပေါက်သံ စသည်တို့နှင့် ကိုက်ညီသည့် အသံရှိသော တိရစ္ဆာန်များကို တေးဂီတပညာရှင်ကြီးများက ရွေးချယ်ကာ အသံမည်သော တိရစ္ဆာန်များ၏အမည်ကို ဖော်ပြ၍ သတ်မှတ်ပါသည်။ ထိုသတ်မှတ်ထား ချက်များကို မန်လည်ဆရာတော်ဘုရား ရေးသည့် မဃဒေဝလင်္ကာတစ်နေရာတွင် ဖော်ပြထားပုံမှာ “နွားလားသုံးပေါက်၊ မြင်းသံခြောက်နှင့် ထိုးနောက်သံညောင်း၊ ဥဒေါင်းငါးဆစ်၊ ဂန္ဒာနှစ်တည့်၊ ပဇ္ဈံပုလဲ၊ ခေါ်မြဲသဖြန်၊ အောက်ပြန်ပဉ္စမ၊ လေးပေါက်မျှလျက်၊ နိသာဒညှင်းလုံး၊ ပေါင်းရုံးညိုးညံ၊ ခုနစ်သံ”ဟူ၍ ဖွဲ့ဆိုထား ပါသည်။

 

ဖော်ပြပါ တိရစ္ဆာန်တို့၏အော်မြည် သံ၊ တွန်ကျူးသံတို့သည် အကြီးအသေး၊ အနိမ့်အမြင့်အားဖြင့် မြန်မာ့ဂီတသံစဉ်ပါ ခုနစ်သံတို့၏ အနေအထားဖြစ်၍ ဤအနေအထားတို့နှင့် တူညီသည်ဟု ဆိုလိုပေသည်။

 

အိမ်နီးချင်းနိုင်ငံများနှင့် ယဉ်ကျေးမှုခြင်းဖလှယ်

 

မြန်မာနိုင်ငံသည် ရှေးအခါက အိမ်နီးချင်းနိုင်ငံများနှင့် ယဉ်ကျေးမှုခြင်း ဖလှယ်မှုရှိခဲ့သည်။ ဗုဒ္ဓသာသနာတော် နှင့်တကွ ဗေဒင်၊ နက္ခတ်၊ ဆေးကျမ်း၊ ဂီတကျမ်း၊ တူရိယာပစ္စည်းအချို့တို့သည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပျံ့နှံ့ ရောက်ရှိလာဖွယ်ရှိသည်။ အကြောင်းမှာ မြန်မာ့ဂီတက လက်ခံထားသော တိရစ္ဆာန်ခုနစ်မျိုး၏ အမျိုးအမည် အားလုံးကိုပင် အိန္ဒိယဂီတကလည်း လက်ခံထားခြင်းကြောင့် ဖြစ်သည်။ အိန္ဒိယဂီတ၌မူ အသံခုနစ်ပါးတို့ကို အမည်ပေးရာတွင် ခြေလေးချောင်း တိရစ္ဆာန်လေးမျိုးနှင့် ငှက်တိရစ္ဆာန် သုံးမျိုး၏ အဖော်များနှင့်ပင် အမည်ပေး ထားသည်ကိုတွေ့ရသည်။ မြန်မာ့ ဂီတသံနှင့် အိန္ဒိယဂီတသံတို့မှာ အတော်ပင်ကိုက်ညီခြင်းရှိမည်ဟု မျှော်လင့်ရပါသည်။ အကြောင်းမှာ အသံတည်မှီရာ တိရစ္ဆာန်အမျိုးအမည်များ တူညီနေသည့်အတွက် ဖြစ်ပါသည်။ သို့သော် အမျိုးအမည် ဖော်ပြချက်များ မတူညီစေ ကာမူရပ်တည်ပုံချင်း မတူမညီရှိနေသည်ကား စဉ်းစားစရာဖြစ်ပေသည်။ မြဝတီမင်းကြီး ဦးစနှင့် ရှေးပညာရှင်ကြီးတို့သည် ယိုးဒယားသံကို မြန်မာသံဖြစ်အောင် ဖန်တီးနိုင်ကြသည်။ ယိုးဒယားအကကို မြန်မာအကဖြစ်အောင် ပြောင်းလဲနိုင်သည်။ ယိုးဒယားတီးကွက်ပင် မြန်မာ့ တီးကွက်အဖြစ် အဆင်ပြေပြစ်စွာဖြင့် အခြားသော အသံများကိုလည်း ထိုနည်း အတိုင်းပင်ဖြစ်၍ ပုံတူခိုးခြင်းမျိုး မဟုတ်ပေ။

 

ခေတ်သစ်တီးလုံးတီးကွက်များ

 

နန်းတော်ရှေ့ဆရာတင်သည် မြန်မာ့ ရှေးဂီတအသံများကို အနောက်နိုင်ငံ ခေတ်အသံများနှင့် အဆင်ပြေပြစ်စွာ ခေတ်သစ်တီးလုံးတီးကွက်များထွင်ကာ မြန်မာ့အဆို၊ အကကို ကာလဒေသနှင့် လျော်ကန်သည့်အသွင်ဖြင့် တန်ဆာဆင် နိုင်ခဲ့သည်။ မြန်မာပြည်နှင့် တရုတ်ပြည်သည် နယ်မြေချင်း ဆက်စပ်လျက်ရှိသဖြင့် တစ်ပြည်နှင့်တစ်ပြည် ရောင်းဝယ်ဖောက်ကားရေးအတွက်လည်းကောင်း၊ ဘုရင်ချင်းချစ်ကြည်ရေး အတွက်လည်းကောင်း၊ ပြန်လည် ချစ်ကြည်ရင်းနှီးမှုများ ရှိခဲ့သည်။ ကုန်းဘောင်ခေတ် မြဝတီမင်းကြီးနှင့် ပြင်စည်မင်းသားတို့ ပတ်ပျိုးသံ၊ သီချင်းများရေးသားစပ်ဆိုချိန်၌ ယိုးဒယားတေးသွားနှင့် တရုတ်တေးသွားများလည်း မြန်မာပြည်သို့ ရောက်ရှိလာရာ ဂီတ ပညာရှင်ကြီးများသည် တိုင်းခြား တေးသံများကို မူလအတိုင်းထားရှိလျက် လည်းကောင်း၊ မြန်မာ့တေးသွားများနှင့် ပေါင်းစပ်လျက် လည်းကောင်း မြန်မာ့ ဂီတအဖြစ် လက်ခံသိမ်းပိုက်လိုက်ကြသည်။

 

“ရွှေတညာအစချီ ဖရံတင် ယိုးဒယား” အကြောင်းရေးရလျှင် ကုန်းဘောင်ခေတ် သာယာဝတီမင်း လက်ထက်တွင် သက္ကရာဇ် ၁၂၀၄ ခု တပေါင်းလဆန်း ၅ ရက်နေ့တွင် ရွှေဘို သို့ တရုတ်ပြည်မှ သံအဖွဲ့ရောက်လာသည်။ သံအဖွဲ့တွင် တူရိယာပညာသည်များ ပါလာလေရာသံအဖွဲ့ တည်းခို နေထိုင်ရာ ရပ်ကွက်၌ ညချမ်းအခါတွင် တရုတ်တူရိယာအသံများက ဘာသာ ဘာဝအလျောက် တီးမှုတ်ကြသည်။ သံအဖွဲ့၏ တေးသံကိုဘုရင်ကြားရကာ နှစ်သက်ခြင်းရှိသဖြင့် ပြင်စည်မင်းသား အား တရုတ်တေးသံကိုယူ၍ သီချင်း စပ်ဆိုစေသည်။ ပြင်စည်မင်းသားက တရုတ်တေးသံဖြင့် “ရွှေတညာအစချီ” သီချင်းကို စပ်ဆိုသည်။ “ရွှေတညာ အစချီ”သည် တရုတ်တေးသံများဖြင့် စပ်ဆိုထားကြောင်း သိသာပေမယ့် ၎င်းသီချင်းကို “ဖရံတင်ယိုးဒယား” အမည်ပေးကာ ယိုးဒယားသီချင်းဟူ၍ အမှတ်အသားပြုကြပေသည်။

 

မဟာဂီတဟူသည် အကျဉ်းအားဖြင့် မြန်မာမဟာဂီတပေါင်းချုပ်တွင် ကြိုး ၁၃ ပုဒ်၊ ဘွဲ့ ၁၀ ပုဒ်၊ သီချင်းသံ ၁၀ ပုဒ်၊ ပတ်ပျိုး ၁၀ ပုဒ်နှင့် ယိုးဒယား ၁၀ ပုဒ်ရှိ၍ ၎င်းတို့မှာအောက်ပါအတိုင်း ဖြစ်လေသည်။

 

ကြိုး ၁၃ ပုဒ်တွင် ၁။ ရွှေဘုန်းငွေဘုန်း၊ ၂။ ဘုံဆောင်မြင့်၊ ၃။ ဝေဘာဂီရိ၊ ၄။ ကျွန်းကျွန်းပိုင်သ၊ ၅။ နှုန်းနန်း ထောက်စာ၊ ၆။ ထောင်ရောင်နေ၊ ၇။ ဇေယျာအောင်ချာ၊ ၈။ မာလာဂန္ဓမာ၊ ၉။ စံရာဘုံမြင့်၊ ၁၀။ ရွှေနန်းအောင်မြေ၊ ၁၁။ သီတာ၊ ၁၂။ သာယာ၊ ၁၃။ ထံတျာ။

 

ဘွဲ့ ၁၀ ပုဒ် ၁။ အတိုင်းမသိ (ဘုန်းတော်ဘွဲ့)၊ ၂။ ဂန္ဓမာတောင်ဘွဲ့၊ ၃။သည်ဆောင်းဟေမာန် (သဇင်ပန်းဘွဲ့)၊ ၄။ အိမ်ရှေ့မင်းဘွဲ့၊ ၅။ ပရမေသီရိ (အောင်ဇေယျာ)၊ ၆။ စွယ်တော် ရောင်ခြည်၊ ၇။ ဟေမဝန်ချာ(တောဘွဲ့)၊ ၈။ မင်္ဂလာအောင်ပျို့၊ ၉။ ခြည်ပန်း ထောင်ကွန့်၊ ၁၀။ မင်္ဂလာပုံ။

 

သီချင်းခန့် ၁၀ ပုဒ် ၁။ ထူးမခြားနား၊ ၂။ ထောင်ရောင်နေခါသာ၊ ၃။ စန္ဒာ ရောင်သို့သာ၊ ၄။ ဘုန်းမိုးသွန်းလောင်း၊ ၅။ နှင်းတမြူမြူ (မြင်းခင်းတော်ဘွဲ့)၊ ၆။ ဒီပါအောင်ချာ၊ ၇။ ဆဒ္ဒါန်အိုင်သာ၊ ၈။ ဇောင်းကလောအင်း(အမရပူရဘွဲ့)၊ ၉။ ဘုန်းအကြီးဆုံး၊ ၁၀။ မှိုင်းအဆန်းဆန်း။

 

ပတ်ပျိုး ၁၀ ပုဒ် ၁။ စိန်ကြောင်နီလာ၊ ၂။ ချစ်သမျှကို၊ ၃။ မြမြမောင်းမောင်း၊ ၄။ ပပဝင်း၊ ၅။ ယမုန်နာ၊ ၆။ ရေယမုန်၊ ၇။ ရှစ်စုံရွက်ကြာ၊ ၈။ နန်းကြာညိုကြော့၊ ၉။ သိင်္ဂါရွှေရောင်၊ ၁၀။ ပြင်သိင်္ဂါ။

ယိုးဒယား ၁၀ ပုဒ် ၁။ ကောင်းကြီး သင်္ခါ၊ ၂။ တောင်မြိုင်ခြေလမ်း၊ ၃။ မြိုင် ဂန္ဓမာ၊ ၄။ ပန်းဟေဝန် (ခုနစ်ထွေ)၊ ၅။ တောင်ဇမ္ဗူပိုင်၊ ၆။ စိန်ခြယ်သီး၊ ၇။ စိန်မြလျှံခြယ်၊ ၈။ တောတောင်စွယ်၊ ၉။ တောင်ယံတော်၊ ၁၀။ စိန်ခြယ်ချူးသန်း စသည့်မဟာဂီတ ဖြစ်ပေသည်။

 

အမှန်စင်စစ် သီချင်းဆိုခြင်း၊ တီးမှုတ်ခြင်း ပညာကို ဂီတပညာဟူ၍ ဆိုလိုခြင်းဖြစ်သည်။ ရှေးထက် ဂီတဆရာကြီးတို့သည် အသံကိုကောင်းစွာနိုင်နင်းသော ပုဂ္ဂိုလ်ကြီးများဖြစ်သည်။ အဆိုအနုပညာနှင့် ယှဉ်တွဲဖော်ပြရလျှင် အဆိုတွင် အသံကို၏ စည်းလုံးညီညွတ်ခြင်း၊ ဌာန်တို့၏ စည်းလုံးညီညွတ်ခြင်း၊ အဆို၏စည်းဝါးကိုက်ခြင်း၊ အသံတို့တွင် အနိမ့်အမြင့်၊ အလေးအပေါ့၊ အနှေးအမြန်၊ အတိမ် အနက်၊ အကျယ်အတိုး၊ အလှည့်အပတ်၊ အဖြတ်အတောက်၊ လေယူလေသိမ်း၊ ဘယ်ယိမ်းညာနွဲ့ စသည့်ကိစ္စတို့တွင် စည်းလုံးညီညွတ်ခြင်းသည် လိုအပ် လှသည်။ အသံကျယ်ရုံ အသံအမျိုးမျိုး ထွက်အောင်ဆိုရုံဖြင့် သာယာနာ ပျော်ဖွယ်သောရသကို မဖြစ်နိုင်ပါချေ။ စည်းလုံးမှုမရနိုင်ပေ။

 

ပေါ့သင့်သောအသံ၊ လေးသင့်သော အသံ၊ အနှေးထွက်ရမည့်အသံ၊ အမြန် ထွက်ရမည့်အသံ၊ အသံလုံးထွားရမည့် အသံ၊ အသံလုံးသေးရမည့်အသံ၊ ဘယ်ကိုချရမည့်အသံ၊ ညာကိုတင်ရမည့် အသံ၊ နှာနှင့် ဆိုရမည့်အသံ၊ အာနှင့် ဆိုရမည့်အသံ၊ ဖြတ်ရမည့်အသံ၊ ဆွဲရ မည့်အသံ၊ မာရမည့်အသံ၊ ပျော့ရမည့် အသံ စသည်ဖြင့် သူ့နေရာ၊ သူ့ဌာန၊ သူ့မတြာ၊ သူ့အကွက်၊ သူအလှည့်၊ သူ့စည်းဝါး၊ သူ့အကြောင်းရာထုပ္ပတ္တိကို လိုက်၍သီဆိုမှသာ အဆို၏ စည်းလုံး ညီညွတ်ခြင်းသဘောကို သက်ရောက်နိုင်ပေမည်။

 

တသီးတခြားသုခုမပညာများ

 

အချုပ်အားဖြင့်ဆိုသော် မြန်မာလူမျိုးတို့တွင် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ တသီးတခြားသုခုမ ပညာများရှိခဲ့သည်။ ကိုယ်ပိုင်ယဉ်ကျေးမှုရှိခဲ့သည့် ရှေးမြန်မာမှုများပျောက်ကွယ်တိမ်မြုပ်သွားလျှင် မြန်မာလူမျိုးလည်း ပျောက်ကွယ် တိမ်မြုပ်မည်စိုးရသည်။ ပုခက်တွင်းမှ သေသည်အထိ မြန်မာတို့သည် ဂီတကိုမြတ်နိုးကြသည်။ မြန်မာမှုများအနက် ရှေးဂီတပညာရှင်ကြီးများသည် နိုင်ငံ ခြား ဂီတကိုယူသည် ဆိုသော်လည်း အဆင့်အတန်းမြင့်မြင့် အသွင်ကူးပြောင်း၍ သံဆန်းထွင်ခဲ့ကြသည်။ ယခုခေတ်တွင် မြန်မာသီချင်းကို ဂီတဆရာတချို့က ဟိုကတစ်စ ဒီကတစ်စနိုင်ငံခြားတေး ကူးချပုံမှာ “ဗုံကြီးသံတွင် ကုလားသံနှောကာ အင်္ဂလိပ်တေးသွားဖြင့် အဆုံးသတ်သည်မျိုး” မဖြစ်သင့်ပါချေ။ နိုင်ငံတော်က ဆို၊ က၊ ရေး၊ တီးနှင့် ပတ်သက်လျှင် မီးခဲပြာဖုံးဖြစ်နေသော တေးဂီတအကတီးမှုတ်တို့ဖြင့် မြန်မာ မှုဆိုင်ရာ အနုပညာတစ်ရပ်ဖြစ်သော ဂီတ၏အလင်းရောင်သည် မြန်မာပြည်အတွင်း ယခုထက်ထွန်းလင်း တောက်ပအောင် နိုင်ငံတော်၏ အနုပညာကဏ္ဍနှင့် အတူလက်တွဲ ကြိုးစားဆောင်ရွက်ကြပါစို့ဟု ဆန္ဒပြုလိုက်ရပါသည်။ ။