နေပြည်တော် ၃၀ ဇူလိုင် 

 

မြန်မာ့မီဒီယာအရွေ့အပေါ်  သုံးသပ်ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာ၌ မီဒီယာလောက၏အရွေ့ကို သတင်းမီဒီယာသမားများအနေဖြင့် မျက်ခြေမပြတ်ရန်နှင့် မည်သို့ ဦးတည်ရွေ့လျားနေသည်ကို စေ့စေ့စပ်စပ်၊ နက်နက်ရှိုင်းရှိုင်း သိရှိရန် လိုအပ်ကြောင်း၊ သို့မှသာ သက်ရောက်မှုနှင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် e-Government နှင့် အွန်လိုင်းမီဒီယာခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်တွင်း/ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ကြည်က လည်းကောင်း၊ Social Media ၏ လားရာ ခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်ကလည်းကောင်း၊ မြန်မာ့မီဒီယာအရွေ့ - ၂၀၂၀ ခေါင်းစဉ်ဖြင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ စာတည်း ဒေါ်ခင်ရတနာကလည်းကောင်း၊  ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ခေါင်းစဉ်ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးအောင်အောင်ဦးကလည်းကောင်း၊  Social Media အသုံးပြုမှုအပေါ် လေ့လာဆန်းစစ်ခြင်း ခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတက်ထွန်းတိုးကလည်းကောင်း၊ ကမ္ဘာပေါ်ရှိ လူမှုမီဒီယာအသုံးပြုမှုများအပေါ် ရှုမြင်ခြင်း ခေါင်းစဉ်ဖြင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ စာတည်း ဒေါ်စုရည်မွန်ကလည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးအကြံပြုကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောင်းလဲလာသည့် မီဒီယာအခင်းအကျင်းနှင့်အညီ လိုက်ပါပြောင်းလဲရာတွင် အားလုံးနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ အသိအမြင်များဖလှယ်ရန် ဖြည့်စွက်ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ်ဆွေးနွေးခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

သတင်းစဉ်