ရန်ကုန် ဇူလိုင် ၁၅
မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (Myanmar Media Development Group – MMDG)၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်က သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၁၂-ခုနှစ်တွင် စာပေစိစစ်မှုများကို ဖျက်သိမ်းပေးခဲ့ပြီး ၂၀၁၄-ခုနှစ်တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်း ဥပဒေကို ပြဋ္ဌာန်းကာ ၁၉၆၂-ခုနှစ် ပုံနှိပ်သူများနှင့်ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေကို ဖျက်သိမ်း ပေးခဲ့ကြောင်း၊ ပြည်ပရောက်နေသည့် မြန်မာမီဒီယာများကိုလည်း ပြန်လည်ဝင်ရောက် ခွင့်ပြုခဲ့ပြီး ဥပဒေနှင့်အညီ မီဒီယာလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ်တွင် သတင်းမီဒီယာဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ အလားတူ ရုပ်ရှင်ဥပဒေပါ ဆင်ဆာ မူဝါဒများကိုလည်း လျော့ပေါ့ပေးခဲ့ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား ချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် ညစ်ညမ်းမှုများမပါရှိစေရေးတို့ကိုသာ စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ခဲ့ခြင်းဖြင့် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း မီဒီယာများအနေဖြင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှ ပြန်ကြားရေး ဝန်ကြီးဌာန အောက်တွင် မီဒီယာဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနကို မကြာမီက ဖွဲ့စည်းပေးထားပြီးဖြစ်၍ မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေအနေအချိန်အခါနှင့် ကိုက်ညီပြီး ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအကြံပြုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် နှင့် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအကြံပြုကြသည်။
ယင်းနောက် မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြမှုတို့နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်