ရန်ကုန် ၂၁ မေ
ကိုဗစ်-၁၉ ကာလအတွင်းပြည်သူများ ခရီးသွားလာမှုကို ကန့်သတ်ရန် လိုအပ်သည့်အတွက် တစ်နိုင်ငံလုံးတွင်ရှိသည့် မီးရထားသွားလာမှုများကို ဧပြီ(၁၀) ရက်မှစတင်၍ လျှော့ချပြေးဆွဲနေသော်လည်း အဓိကကျသည့် လမ်းပန်း ဆက်သွယ်မှု (၆)ခုတွင် ရထားတစ်စင်းစီ စီစဉ်ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား လက်ထောက်အထွေထွေ မန်နေဂျာ (သွားလာရေး/တိုင်း) ဦးဇော်လွင်ထံမှ သိရသည်။
ကိုဗစ်-၁၉ ကြောင့် တစ်နိုင်ငံလုံးရှိ မီးရထားသွားလာမှုကို လျော့ချထားသော်လည်း (၁) ရန်ကုန်-မန္တလေး၊ (၂) ရန်ကုန်-မော်လမြိုင်၊ (၃) ရန်ကုန်-ပြည်၊ (၄) မန္တလေး-မြစ်ကြီးနား၊ (၅) နေပြည်တော်-ချောက်၊ (၆) ပုသိမ်-ကြံခင်း (ဧရာဝတီတိုင်းဒေသကြီး) လမ်းပိုင်းတို့တွင် တစ်စင်းစီ စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း ဦးဇော်လွင်က ပြောကြားသည်။
“မြန်မာ့မီးရထားအနေနဲ့ ဧပြီ ၁၀ ရက်နေ့က စပြီး ကျန်တဲ့လမ်းပိုင်းအသီးသီးမှာ ပြေးဆွဲနေတဲ့ ရထားတွေ အားလုံးကိုတော့ ယာယီရပ်နားခဲ့ပါတယ်။ ပြေးဆွဲပေးနေတဲ့ လမ်းပိုင်း (၆)ခုကလည်း မဖြစ်မနေသွားလာရမယ့် ခရီးသွား ပြည်သူတွေအတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် စားသောက်ရေးကိစ္စ အဆင်ပြေစေဖို့ ရထားတွေ အားလုံးမှာ စားသောက်ကုန် တင်ဆောင်လို့ရအောင် ပါဆယ်တွဲတွေ ချိတ်ဆက်ပေးထားပါတယ်။ နောက် အဓိကကျတဲ့ ရန်ကုန်-မန္တလေး လမ်းပိုင်းမှာဆို စားသောက်ကုန်ပစ္စည်းတွေ နေ့စဉ် သယ်ယူပို့ဆောင်ပေးနိုင်အောင် ပါဆယ် အထူးရထားတွဲ တစ်စင်းကိုလည်း နေ့စဉ်ပြေးဆွဲပေးပါတယ်။ ကုန်စည်ပို့ဆောင်မှုအပိုင်းမှာလည်း ကုန်ရထားတွေကို ကုန်ရှိရင် ရှိသလို စီစဉ်ပြီးပြေးဆွဲပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့အဓိကလမ်းပိုင်းကြီး (၆) ခုပြေးဆွဲမှုအတွက် လက်မှတ်ရောင်းချရာတွင် အထက်တန်းတွဲ စီးနင်းလိုသူများ အတွက် (၃)ရက် ကြိုတင်ရောင်းချပေးပြီး ရိုးရိုးတန်းဆိုပါက (၁) ရက်ကြိုတင်၍ ရောင်းချပေးကြောင်း မြန်မာ့မီးရထားမှ သိရသည်။
မီးရထား လက်မှတ်ရောင်းချမှုနှင့် ပတ်သက်၍ ဦးဇော်လွင်က “ရောင်းချတဲ့အခါမှာ စနစ်တကျ တန်းစီစနစ်နဲ့ ရောင်းချပေးပါတယ်။ ရထားစီးဖို့ ဘူတာကိုလာပြီဆိုရင် ပထမဆုံးဝင်ပေါက်တွေမှာ လက်ဆေးကန်တွေ ထားရှိပြီးတော့ လက်ဆေးနိုင်အောင် စီစဉ်ပေးပါတယ်။ ဒါ့အပြင် ခရီးသည်တွေ ပလက်ဖောင်းစင်္ကြံအတွင်းကို ဝင်ပြီဆိုတာနဲ့ တစ်ဦးချင်းအလိုက် အပူချိန်တိုင်းတာမှုများကို ဆောင်ရွက်ပေးပါတယ်။ ရထားတွဲထိုးလို့ နောက်ထပ်တစ်ခါ အပူချိန်တိုင်းတာမှုတွေ ဆောင်ရွက်ပါတယ်။ ရထားလိုက် လက်မှတ်စစ်တွေကလည်း အပူချိန်တိုင်းတာမှုတွေ ဆောင်ရွက်ပေးပါတယ်။ အဓိကပြောချင်တာက ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ခရီးသည်တွေ ရောဂါကင်းရှင်းအောင် တာဝန်ရှိသူတွေက အဆင့်ဆင့်ကြပ်မတ်စစ်ဆေးပြိး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။
အဓိက လမ်းပိုင်းကြီး (၆) ခုအတွက် ရထားပြေးဆွဲပေးရာတွင် တစ်ရက်လျှင် ခရီးသည်ပျမ်းမျှ (၆၀ဝ၀)ခန့်စီးနင်း လိုက်ပါလျက်ရှိကြောင်းသိရပြီး ကိုဗစ်-၁၉ မဖြစ်ပွားခင်အချိန် ရထားပြေးဆွဲမှုနှင့် ခရီးသည်စီးနင်းမှု အခြေအနေသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမြန်ရထား၊ စာပို့ရထား၊ လူစီးကုန်တင်ရထား၊ ခရီးတိုရထား စသည်ဖြင့် တစ်ရက်ကို ပျမ်းမျှ (၁၅၂) စီး နေ့စဉ်ပြေးဆွဲပေးခဲ့ပြီး တစ်ရက်လျှင် ခရီးသည် ပျမ်းမျှ (၃၆၀ဝ၀) ခန့် စီးနင်းလျက်ရှိကြောင်း သိရသည်။
“လက်ရှိအနေအထားကတော့ မြန်မာ့မီးရထားအနေနဲ့ လမ်းပိုင်းကြီး (၆) ခုမှာ ရထား အစုန်/အဆန် (၁၂)စင်းနဲ့ နေ့စဉ် ပြေးဆွဲပေးနေတယ်။ ခရီးသည်ကတော့ တစ်ရက်ကို ပျမ်းမျှ (၆၀ဝ၀) လောက်ရှိပါတယ်။ ရထားတွဲဆိုင်းတွေရဲ့ သန့်ရှင်းသပ်ရပ်မှု၊ ဘူတာရုံတွေရဲ့ သန့်ရှင်းသပ်ရပ်မှုတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ရထားတွဲဆိုင်း အသုံးပြုပြီးပြီ ညပိုင်းရပ်နားပြီဆိုလည်း ရထားတွဲတွေအားလုံး ရေဆေးကြောသန့်စင်မှုတွေ ဆောင်ရွက်ပါတယ်။ တွဲဆိုင်းတွေ သန့်ရှင်းမှုအတွက် တစ်ပတ်တစ်ကြိမ် ဆေးဖျန်းခြင်းကိုလည်း ဆောင်ရွက်ပါတယ်” ဟု ဦးဇော်လွင်က ဆိုသည်။
မြန်မာ့မီးရထားသည် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံရပ်ခြားမှတစ်ဆင့် နယ်စပ်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက် လာမည့် မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်လျက် လားရှိုး-မန္တလေး အထူးရထားကို မေ ၆ ရက်မှ စတင်ကာ နေ့စဉ် ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
“အရင်က မန္တလေး-လားရှိုး ရထားလမ်းပိုင်းမှာ ၁၃၁(အဆန်) ၊ ၁၃၂ (အစုန်) ဆိုပြီး ပြေးတယ်။ ကိုဗစ်-၁၉ ကြောင့် ရထားလျော့ချပြေးဆွဲတဲ့အထဲမှာ ပါသွားတာ။ အဲ့ဒီလို ယာယီရပ်ဆိုင်းထားနေရာက တရုတ်နိုင်ငံကနေ သူတို့ရဲ့ နေရပ်ဒေသ အသီးသီးကို ပြန်လာကြတဲ့ နေရပ်ပြန်တွေရဲ့ သွားလာမှုအဆင်ပြေစေဖို့ မေ ၆ ရက်နေ့ကစပြီး လားရှိုးနဲ့ မန္တလေး အထူးရထားကို နေ့စဉ် ပြန်လည်ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ ခရီးသည် ပျမ်းမျှ နေ့စဉ် (၄၀ဝ) လောက် စီးနင်းနေကြပါတယ်။ ရထားလက်မှတ် ဈေးနှုန်းကတော့ ရိုးရိုးတန်းကို ၂၄၀ဝ ကျပ်နှုန်းနဲ့ တွဲ (၆)တွဲချိတ်ပြီး ပြေးဆွဲပေးနေပါတယ် ”ဟု ဦးဇော်လွင်က ဖြေကြားထားသည်။
သတင်း..ညွန့်ကိုကို၊ ဓာတ်ပုံ..UZL