နေပြည်တော် ၃ စက်တင်ဘာ
မြန်မာမိန်းကလေး(၇)ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများအရ မူဆယ်ခရိုင် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီနှင့် ကလေးသူငယ်တရားခံအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဉပဒေအရ သင်တန်းကျောင်းသို့ သုံးနှစ်ပို့အပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ မဝင်းမြတ်နွယ်(မိ)၊ သံတွဲမြို့နေ မစန္ဒာမ (တိမ်းရှောင်)၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မလှလှဝင်း (ခ)လှရေ(မိ)၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့နေ ထွန်းဝင်းသိန်း (ခ) မောင်မောင်ရှည် (မိ)တို့သည် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့နေ မxxx၊ ၃၃ နှစ်၊ မxxx၊ ၂၀ နှစ်၊ လှိုင်သာယာ မြို့နယ်၊ ကျုံစုရွာနေ မxxx၊ ၁၈ နှစ်၊ စစ်တွေမြို့နေ မxxx၊ ၁၉ နှစ်၊ မxxx၊ ၁၈ နှစ်၊ မxxx၊ ၂၀ နှစ်၊ မြောက်ဦးမြို့နေ မxxx၊ ၁၉ နှစ်တို့ (၇)ဦးတို့အား တရုတ်နိုင်ငံတွင် တရုတ်ယောကျ်ားများထံ ရောင်းစားရန် စီစဉ်ခဲ့မှုအတွက် မူဆယ် မြို့မရဲစခန်း(ပ)၉၂၅/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/၃၂ ဖြင့် အမှု ဖွင့်လှစ်ခဲ့ပြီး မူဆယ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ သြဂုတ် ၃၁ ရက်တွင် တရားခံ မလှလှဝင်း(ခ)လှရေနှင့် ထွန်းဝင်းသိန်း (ခ)မောင်မောင်ရှည်တို့အား လူကုန်ကူးမှုတားဆီး ကာကွယ် ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ၊ ကလေး သူငယ် တရားခံ မဝင်းမြတ်နွယ် (ခ)ငယ်ငယ် အား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၈၉(င)အရ မန္တလေးမြို့၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်တန်းကျောင်းသို့ သုံးနှစ်ပို့အပ်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)