နေပြည်တော် ၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် စမ်းချောင်းရပ်ကွက်နေ မတင်တင်ခိုင်(ခ)မခိုင် (ဘ)ဦးညို၊ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ပင်သောင်ရွာနေ မဌေးဌေး (ဘ) ဦးတင်မြင့်၊ နေပြည်တော် ဇေယျာသီရိမြို့နယ်နေ ကျော်မင်းဦး (ဘ)စိစစ်ဆဲနှင့် တရုတ်နိုင်ငံ ရွှေလီမြို့နေ မခင်မာလာသိန်း (ခ)နွယ်နီခိုင်တို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ပင်သောင်ရွာနေ မ----အား မူဆယ်မြို့ရှိ အထည်ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြီး တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခဲ့သည်။
အဆိုပါတရားခံများကပင် လယ်ဝေးမြို့နယ် ပင်သောင်ရွာနေ မ----အား မူဆယ်မြို့ရှိ အထည်ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြီး တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခဲ့မှုအားလည်းကောင်း၊ အလားတူ မတင်တင်ခိုင်(ခ)မခိုင်၊ မခင်မာလာသိန်း (ခ)နွယ်နီခိုင်နှင့် မဌေးဌေးတို့သည် လယ်ဝေးမြို့နယ် ပင်သောင်ရွာနေ မ---- အား မူဆယ်မြို့ရှိ အထည်ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြီး တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခဲ့မှုအားလည်းကောင်း သက်ဆိုင်ရာ ရဲစခန်းများက အမှုဖွင့်လှစ် တရားစွဲတင်ပို့ခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်တွင် ဒက္ခိဏခရိုင်တရားရုံးမှ မတင်တင်ခိုင် နှင့် မဌေးဌေးတို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီဖြင့် သုံးမှုအတွက် အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ ကို သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်