နေပြည်တော်  ၂၇  ဩဂုတ် 

မြန်မာမိန်းကလေးနှစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်နေ မဇင်မာအေး၊ မသီတာအေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ထန်းပင်ဆိပ်ကျေးရွာနေ မောင်နိုင်လင်းကို တို့သည် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၁)ရပ်ကွက် နေ မxxx၊ ၃၉ နှစ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်းတုံးရပ်ကွက်နေ မxxx၊ ၂၉ နှစ်တို့ (၂)ဦးအား ဘဝရပ်တည်ရန်ခက်ခဲမှုကို အခွင့်ကောင်းယူ၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့မှုအတွက် မဟာအောင်မြေမြို့နယ်၊ အမှတ် (၉) မြို့မရဲစခန်းမှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မန္တလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ သြဂုတ် ၂၅ ရက်တွင် တရားခံ မဇင်မာအေး (ခ)ညိုပြာအေး(ခ)ထက်ထက်၊ မသီတာအေးနှင့် နိုင်လင်းကို တို့ (၃)ဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅  နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)