ရန်ကုန် ၂၈ စက်တင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူးကျင်းပသည့် မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)တို့က အမှာစကား ပြောကြားကြသည်။
စာတမ်းဖတ်ပွဲတွင် ဦးကျော်နိုင်(ဆရာထက်မြက်)နှင့် ဒေါက်တာခင်အေး (ဆရာမောင်ခင်မင်-ဓနုဖြူ) တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)က “မြန်မာဘာသာစကားတွင် ထင်ဟပ်နေသော မြန်မာ့အတွေးအမြင်” စာတမ်း၊ ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း)က “မြန်မာမင်းများလက်ထက် သံတမန်အတတ်ပညာ” စာတမ်း၊ ဦးကျော်စိုး (သမိုင်းပါမောက္ခ-ငြိမ်း)က “တွင်းရိုးတွင်းစား ရိုးရာဓလေ့သမိုင်း” စာတမ်းနှင့် ဦးထွန်းရီ(ရှေးဟောင်းသုတေသီ) က “မြန်မာမှုပဒေသာတို့ဖြင့် လွှမ်းခြုံနေသည့် လျှောက်ထုံးကျမ်း (သို့မဟုတ်) အမေးအဖြေကျမ်း များ”စာတမ်းတို့ကို ဖတ်ကြားကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို စာတမ်းရှင်များက ပြန်လည် ရှင်းလင်း ဆွေးနွေးကြသည်။
စာတမ်းဖတ်ပွဲအပြီးတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် က သဘာပတိနှင့် စာတမ်းရှင်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ စာတမ်းဖတ်ပွဲကို စက်တင်ဘာ ၂၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဒေါက်တာတိုးလှက ဗဒုံမင်းနှင့် အမိန့်တော်များ (အမိန့်တော်များထဲမှ ခေတ်သမိုင်းကို ဖော်ထုတ်ကြည့်ခြင်း)၊ ဦးအေးချို(မဟာဝိဇ္ဇာ)က မြန်မာ့ဓလေ့ဆုံးမစာများမှ မြန်မာ့ယဉ်ကျေးမှုအမြင်၊ ဒေါက်တာညိမ်းညိမ်း (ပါမောက္ခ-မြန်မာစာဌာန)က ကဗျာထဲက ဝတ်စားဆင်ယင်မှု၊ ဒေါက်တာမိုမိုသန့် (ရန်ကုန် တက္ကသိုလ်)က မြန်မာ့လူဘောင်အဖွဲ့အစည်းနှင့် သီလရှင်၊ ဒေါက်တာစိုးစိုးနိုင်(ရန်ကုန်တက္ကသိုလ်)က မြန်မာ့လယ်ယာ လုပ်ငန်းသုံးထွန်တုံး ခေါင်းစဉ်များဖြင့် စာတမ်းများဖတ်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲ၊ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲများကို ကျင်းပခဲ့ပြီး စာပေဗိမာန်မှတ်တမ်းများအရ ယခုစာတမ်းဖတ်ပွဲသည် ၂၇ ကြိမ်မြောက် ကျင်းပသည့် စာတမ်းဖတ်ပွဲ ဖြစ်ကြောင်းနှင့် စာပေဗိမာန်သည် ၁၉၆၅ ခုနှစ်တွင် ကလေးစာပေ နှီးနှောဖလှယ်ပွဲကို စတင်ကျင်းပခဲ့ ကြောင်းသိရသည်။
သတင်းစဉ်


