ပဲခူး ၂၉ အောက်တိုဘာ
ပဲခူးမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာတွင် မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံ၊ တိုင်းဒေသပြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ မြန်မာမုဒိတာဖောင်ဒေးရှင်း အသင်း ဥက္ကဌ ဦးတင်မောင်နိုင်၊ ရှမ်းရွာကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းတို့ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီူလွှတ်တော်ကိုယ်စားလှယ်ဦးညွန့်ရွှေတို့မှ လမ်းညွှန် အမှာစကား ပြောကြားပြီး စာကြည့်တိုက်အလှူရှင် မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်က စာကြည့်တိုက်ဆောက်လုပ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ် အလံများအား ဝန်ကြီးချုပ်နှင့် အလှူရှင် မြန်မာမုဒိတာ ဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်တို့အား ရှမ်းရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူ းဦးမျိုးဝင်းနှင့် စာကြည့်တိုက်ကော်မတီဥက္ကဌ တို့က ပေးအပ်ကြသည်။
ယင်းနောက် ရှမ်းရွာကြီးကျေးရွာ မြန်မာမုဒိတာဖောင်ဒေးရှင်းစာကြည့်တိုက်အမှတ်(၈)အတွက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဥက္ကဌဒေါက်တာဦးအောင်ခင်တို့မှ အလှူ ငွေများပေးအပ်လှူ ဒါန်းကြပြီး တာဝန်ရှိသူများအား စာကြည့်တိုက်ကော်မတီမှ ဖွင့်ပွဲအလံများ ပေးအပ်ကြသည်။
မြန်မာ မုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈)သည် အလျား(၂၈)ပေ၊ အနံ(၁၄)ပေ၊ အမြင့်(၁၅)ပေရှိ တစ်ထပ်အဆောက်အဦဖြစ်ပြီး သုတ၊ ရသ၊ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ (၁၃၀ဝ)ကျော် ထားရှိထားကြောင်း သိရသည်။
စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် အောက်တိုဘာလ(၂၈)ရက်နေ့ညပိုင်းတွင် နိုင်ငံကျော် တရားဟောဓမ္မကထိက၊ နယ်လှည့်သာသနာပြုကြာနီကန်ဦးရေဝတ(ဝါးခယ်မ)ဆရာတော်မှ တရားရေအေး အမြှိုက်ဆေးကို တိုက်ကျွေးဟောပြောမည်ဖြစ်ပြီး (၂၉)ရက်နေ့ညပိုင်းတွင် ကျေးရွာသူ/သားများ စာပေဗဟုသုတရရှိစေရန် စာရေးဆရာမီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်(ခ) ယဉ်မင်းဦး (ဆေးတက္ကသိုလ်) နှင့် ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဗေလုဝတို့မှ ဟောပြောကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာမုဒိတာ ဖောင်ဒေးရှင်းအသင်းကြီးကို ၂၀၁၁ခုနှစ်တွင် အရိပ်ရသစ်ပင်များစိုက်ပျိုးပေးရန်၊ စာကြည့်တိုက်များ ဖွင့်လှစ်ပေးရန်၊ သောက်သုံးရေကန်များတူးဖော်ပေးရန်၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ပါဝင်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ သာသနိကအဆောက်အဦများ ဆောက်လုပ် လှူဒါန်းရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသများအား သွားရောက်ကူညီပေးရန်အတွက် စတင်တည်ထောင်ခဲ့ပြီး အဆိုပါ အသင်းကြီးမှ စာကြည့်တိုက်များဖွင့်လှစ်ပေးမှုအနေဖြင့် ပဲခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ်အတွင်း၂၀၁၂ခုနှစ်တွင် ကမာစဲကျေးရွာ၌ အမှတ်(၁)စာကြည့်တိုက်၊ ၂၀၁၄ ခုနှစ်တွင် မင်းရွာကျေးရွာ၌ အမှတ်(၂)စာကြည့်တိုက်၊ ၂၀၁၆ခုနှစ်တွင် ကသဲကုန်းကျေးရွာ၌ အမှတ်(၃) စာကြည့်တိုက်နှင့် ကုလားချောင်းကြီးကျေးရွာတွင် အမှတ်(၄)စာကြည့်တိုက်၊ ၂၀၁၈ခုနှစ်တွင် တံခွန်တိုင်ကျေးရွာ၌ အမှတ်(၅) စာကြည့်တိုက်၊ ၂၀၁၉ခုနှစ်တွင် ကျွန်းကြီးကျေးရွာ၌ အမှတ်(၆) စာကြည့်တိုက်၊ လှာပကစ်ကျေးရွာအမှတ်(၇)စာကြည့်တိုက်နှင့် ယခုပဲခူးမြို့နယ် ရှမ်းရွာကြီးကျေးရွာတွင် စာကြည့်အမှတ်(၈) တို့အား ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


