ရန်ကုန် ၁၉ ဧပြီ

 

မြန်မာတို့၏ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီ ၁၇ ရက် နှစ်သစ်တွင် ရန်ကုန်အမျိုးသားသွေးဌာနသို့ သွေးလှူရှင် ၂၆၅ ဦး လာရောက်သွေးလှူဒါန်းခဲ့ပြီး ဧပြီ ၁၁ ရက်မှ ဧပြီ ၁၇ ရက်ထိ စုစုပေါင်း သွေးလှူရှင် ၁၀၁၂ ဦး သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရန်ကုန်မြို့ အမျိုးသားသွေးဌာနသည် ရန်ကုန်မြို့ရှိ ဆေးရုံ (၁၄) ရုံအတွက် တစ်လလျှင် သွေးထုပ်ပေါင်း ၁၇၀၀၀ ကျော် ထုတ်ပေးလျက်ရှိရာ ယခုအခါ သွေးလှူရှင်များ အစုအဖွဲ့လိုက် လာရောက်လှူဒါန်းမှုကို ကန့်သတ်ထားသဖြင့် သွေးလက်ခံရရှိမှု နည်းပါးသွားကြောင်း သိရသည်။

 

အမျိုးသားသွေးဌာနအနေဖြင့် သွေးလှူရှင်များ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိကြောင်း အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်ထံမှ သိရသည်။

 

“သွေးဌာနသို့ လာရောက်ပါက သွေးလှူရှင်များအတွက် အန္တရာယ်ကင်းအောင် စီစဉ်ထားတယ်၊ သွေးလှူရှင်များနှင့် ထိတွေ့မည့် ဝန်ထမ်းအားလုံးကို ကျန်းမာရေးစစ်ဆေးမှု နေ့စဉ်ပြုလုပ်တယ်၊ တာဝန်ချထားသည့် ကျန်းမာရေးဝန်ထမ်းတွေ (၁၄)ရက်လုံးလုံး ဒီဌာနမှာနေပြီး ပြင်ပကိုမထွက်သူတွေဖြစ်တယ်၊ သွေးလှူရှင်များ အန္တရာယ်ကင်းအောင် အတတ်နိုင်ဆုံး စီစဉ်ထားပါတယ်”ဟု ပြောကြားသွားသည်။

 

သွေးလှူရှင်များ၏ ကျန်းမာရေးစစ်ဆေးခြင်းကို ယခင်ကတည်းက ပြုလုပ်ခဲ့ပြီး ယခုအခါ လွန်ခဲ့သည့် (၁၄) ရက်က ခရီးသွားခဲ့ခြင်းရှိ/မရှိ၊ မိမိပတ်ဝန်းကျင်တွင် ပြည်ပမှာပြန်လာသူရှိ/မရှိ၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်းနာခြင်းတို့ရှိ/မရှိကို စစ်ဆေးမေးမြန်းလျက်ရှိသည်။

 

ယခင်က တစ်လလျှင် လှူဒါန်းမှု ၉၀၀၀ ကျော်ရှိခဲ့ရာမှ အစုအဖွဲ့အလိုက် သွေးလှူဒါန်းမှု ခေတ္တရပ်နားလိုက်သည့်အတွက် ၅၅ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး အစုအဖွဲ့တွင် ပါရှိသူများက လာရောက်လှူဒါန်းမှုကြောင့် ၃၅ ရာခိုင်နှုန်းခန့်သာ ထိခိုက်မှုရှိကြောင်း သိရသည်။

 

သွေးလှူဒါန်းမှုကို နေ့စဉ်နံနက် ၈ နာရီမှ ည ၇ နာရီထိ လက်ခံဆောင်ရွက်ပေးပြီး သွေးလှူရှင်များမှ ကြိုတင်၍ သွေးဌာန ဖုန်း ၀၁-၃၇၂၇၅၃ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အောင်သူရ