ကော့သောင်း ၇ ဧပြီ
မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော် မတိုင်မီ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ တစ်နံတစ်လျားမှ ပြည်တွင်းခရီးသွားဧည့်သည်များနှင့် ထိုင်းနိုင်ငံမှတဆင့် ဝင်ရောက်လာကြသည့် ပြည်ပခရီးသွားဧည့်သည်များ ကော့သောင်းမြို့အနီးပင်လယ်ကျွန်းများသို့ အပန်းဖြေခရီး လာရောက် လည်ပတ်သူများဖြင့် စည်ကားလျှက်ရှိသည်ကို ဧပြီလ ၇ ရက်နေ့နံနက်ပိုင်းက မြို့မဆိပ်ကမ်းတံတားတွင်တွေ့မြင်ရသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မြန်မာနိုင်ငံအရပ်ရပ်မှ ပြည်တွင်းခရီးသွားဧည့်သည်များ ထူးကဲစွာ လာရောက်လည်ပတ်ကြပြီး သာယာလှပတင့်မော့ဖွယ် ကမ်းခြေ သဲသောင်များ ၊ အပန်းဖြေဟိုတယ်များရှိရာ အက်ဒမန်ပင်လယ်အတွင်း ပင်လယ်ကျွန်းများဆီသို့ သင်္ကြန်အားလပ်ရက်မတိုင်မှီ ခရီးသွားဧည့်သည်များ မိသားစုအလိုက် ၊အစုအဖွဲ့များ အလိုက်တဖွဲဖွဲ ကြိုတင်လာရောက် နေကြပြီဖြစ်ပြီး မိမိသွားရောက်လည်ပတ်ကြမည့် ပင်လယ်ကျွန်းများရှိ ခရီးသွားလုပ်ငန်းကုမ္ပဏီ၏ ပို့ဆောင်ပေးမည့် SPEED BOAT များ ၊ ခရီးသွားဧည့်သည်များဖြင့် ကော့သောင်းမြို့၏ မြို့မဆိပ်ကမ်းတံတား တွင် ကြက်ပျံမကျ စည်ကားလှသည်ကို တွေ့မြင်ရသည်။
လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ၊ များပြားသည်နှင့်အမျှ မြို့တွင်းလမ်းများတွင် ယာဉ်အန္တရာယ်များမဖြစ်ပေါ်ရေး မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ မော်တော်ယာဉ်များဖြင့် ယာဉ်အန္တရာယ် သတိပြုကြရေးလိုက်လံနှိုးဆော်အသိပေးလျှက်ရှိပြီး ခရီးစဉ်အလိုက် အဆင်ပြေလွယ်ကူချောမွတ်စေရေး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများမှ ခရီးသွားလုပ်ငန်းကုမ္ပဏီများဖြင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည့် စီမံခန့်ခွဲမှုများဆောင်ရွက်ပေးလျှက်ရှိသည်။ ပင်လယ်ပြင်အတွင်း SPEED BOAT များ ခရီးသွားလာရခြင်းဖြစ်၍ ခရီးသွားဧည့်သည်များ မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ် များ ကျရောက်ပါက အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေး မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့မှ ပင်လယ်ပြင် လုံခြုံရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကြိုတင်စီမံဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)