နေပြည်တော် ၈ ဇူလိုင်

 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ စခန်းဝင်လေ့ကျင့်ရေး၊ မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲများအား ပြန်လည်ကျင်းပခွင့်ပြုရေး၊ ဘောလုံးအကယ်ဒမီကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ရှုံးထွက်ဖလားပြိုင်ပွဲ (၂၀၂၀) (MFF Futsal Knockout Cup 2020) ပြန်လည်စတင်ခွင့် ရရှိရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄)၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ဘောလုံးအားကစား ကဏ္ဍအပါအဝင် ယခင်က ပုံမှန်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်တာများ ပြန်လည်စတင်နိုင်ရေးအတွက် စဉ်းစားရာ၌ ရေတိုကာလနှင့် ရေရှည်ကာလ၌ ရရှိနိုင်သည့် အကျိုးနှင့် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်တို့ကို ချိန်ထိုးစဉ်းစား ဆောင်ရွက်ရပါကြောင်း၊ တစ်ပြိုင်နက်တည်း ပြည်သူ့ကျန်းမာ ရေးရှုထောင့်၊ ကပ်ရောဂါဗေဒရှုထောင့်၊ ပြန်လည်စတင်မည့် လုပ်ငန်း၏ သဘောသဘာဝ ရှုထောင့်တို့ အပါအဝင် ရှုထောင့်ပေါင်းစုံအား ဆန်းစစ်လေ့လာခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းများ ပြုလုပ်ပြီးမှ ဆုံးဖြတ်ရပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းကာ မြန်မာနေရှင်နယ်လိဂ် ဘောလုံးအားကစားပြိုင်ပွဲများကို ပြန်လည်ဖွင့်လှစ်မည်ဆိုပါက အဆင့်လိုက်၊ အပိုင်းလိုက်သာလျှင် ပြန်လည်စတင် ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ၌ အသစ်ဖြစ်ပေါ်လာသော ရောဂါဖြစ်သည့်အပြင် ထိန်းချုပ် ကိုင်တွယ်ရာတွင် အခြားကူးစက်ကပ်ရောဂါဖြစ်ပွားမှုများနှင့် မတူသည့်အတွက် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် ချက်ချင်းလျှော့ချ၍ မရပါကြောင်း၊ တစ်ဆင့်ခြင်း တစ်ဆင့်ခြင်းသာ လျှော့ချရမည်ဖြစ်ပါကြောင်း၊ လျှော့ချရာ၌လည်း ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေကို ထည့်သွင်းစဉ်းစားရပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အရှိန်အဟုန်နည်းလာပြီးမှ ကဏ္ဍမျိုးစုံမှ လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် စဉ်းစားရမည်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ဘောလုံးအားကစားဆိုင်ရာလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ရန်အတွက် လုပ်ငန်းလမ်းညွှန်များ အမြန်ဆုံး ရေးဆွဲသွားမည်ဖြစ်ပြီး မဖြစ်မနေလိုက်နာလုပ်ဆောင်ရမည့် အချက်များကိုလည်း ရေးဆွဲသတ်မှတ်ပေးမည်ဖြစ်ပါကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း ဝန်ကြီးဌာနမှ ပညာရှင်များက ဘောလုံးအားကစားကွင်းများနှင့် လေ့ကျင့်ရေးကွင်းများသို့ ကွင်းဆင်း၍ ဆန်းစစ်သုံးသပ်ခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါကြောင်း၊ ဘောလုံးပြိုင်ပွဲများအပါအဝင် အခြားလုပ်ငန်းများ ပြန်လည်စတင်ခွင့်ပြုပြီးနောက်တွင်လည်း ဝန်ကြီးဌာန၏ ပြောကြားချက်၊ လမ်းညွှန်ချက်၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ရောဂါကာကွယ်ရေးနည်းလမ်းများကို မည်သည့်အတိုင်းအတာအထိ လိုက်နာသည်ကိုလည်း စနစ်တကျ checklist များဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့်အကဲဖြတ်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လိုက်နာမှု မရှိပါက ခွင့်ပြုချက်များကို ချက်ချင်းပြန်လည် ရပ်ဆိုင်းမည်ဖြစ်ပါကြောင်း။

 

ဤကဲ့သို့ စနစ်တကျ သေချာစွာ စဉ်းစားရခြင်းမှာ ကိုဗစ်-၁၉ ၏ကူးစက်ပြန့်ပွားမှု ပုံသဏ္ဍာန်၊ ပျံ့နှံ့မှုအရှိန်အဟုန်၊ ရောဂါပြင်းထန်မှုအတိုင်းအတာ စသည့် ရောဂါ၏ သဘောသဘာဝများသည် ပြောင်းလဲလျက်ရှိနေခြင်းကြောင့် ဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနှင့် ပတ်သက်သည့် လုပ်ငန်းများ ပြန်လည်စတင်ရေး စဉ်းစားရာ၌ လူအများနှင့် မည်သည့်အတိုင်းအတာအထိ ထိတွေ့နိုင်မည်၊ မည်သည့်ပုံစံဖြင့် ထိတွေ့နိုင်မည်၊ ထိတွေ့သည့် အချိန်ကာလ၊ ထိတွေ့ပြီးနောက် ပြုမှုနေထိုင်မှုပုံစံစသည့် အချက်များစွာနှင့် ထပ်မံကူးစက်နိုင်သည့် အန္တရာယ်အတိုင်းအတာများကို ကြိုတင်စဉ်းစားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လက်ရှိ၌ ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု ပိုမိုနည်းပါးလာသည့် အခြေအနေနှင့် ရုတ်တရက်ကူးစက်မှု ပြန်လည်များပြားလာနိုင်သည့် အခြေအနေနှစ်ခုအကြား လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများကို မျက်ခြေမပြတ် လေ့လာသုံးသပ်ကာ ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုများ ရပ်တန့်သွားစေရေးအတွက် အားလုံးမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ရှင်းလင်းတင်ပြရာတွင် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်ရာ တွင်ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားရှိမည့် အစီအစဉ်များကို (video)နှင့်တကွ ရှင်းလင်းတင်ပြ၍ ကလပ်ပြိုင်ပွဲများစောလျင်စွာ ကျင်းပနိုင်ရေး ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေနှင့် အာရှဖလားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲပါဝင် ယှဉ်ပြိုင်ရမည့်အခြေအနေနှင့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် စီစဉ်ဆောင်ရွက်ရာတွင် ပြိုင်ပွဲများကို တစ်ပြိုင်တည်းကျင်းပခြင်းထက် မည်သည့်ပြိုင်ပွဲကို ဦးစားပေးစတင်မည်ကိုသုံးသပ်ရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရာတွင် ပြိုင်ပွဲတစ်ခုချင်း ကျင်းပမှုအလိုက် စည်းကမ်းချက်များနှင့်အညီ မည်သို့ကျင်းပမည်ကို အသေးစိတ်စီမံချက်တစ်ခုခြင်း ရေးဆွဲရန်လိုအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဘောလုံးအားကစားပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရန် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် ခွင့်ပြုချက်ရရှိစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးတို့မှ ပြန်လည်ဖြည့်စွက် ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အခမ်းအနားတက်ရောက်ကြသူများမှ လိုအပ်ချက်များ ထပ်မံဖြည့်စွက် ဆွေးနွေးကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဘောလုံးအားကစားကို အခြားနိုင်ငံများတွင် ပြန်လည်ကျင်းပနေသည့်နည်းတူ မိမိတို့နိုင်ငံမှလည်း ပြန်လည်ကျင်းပနိုင်ရေးအတွက် နိုင်ငံတကာ ဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပနေသည့် စည်းကမ်းများ၊ အချက်အလက်များ၊ ကန့်သတ်ချက်များကို လေ့လာရမည်ဖြစ်ပါကြောင်း၊ တစ်ပြိုင်တည်းတွင် အာရှဘောလုံးအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) စသည်တို့မှ အကြံပြုထားသော ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဘောလုံးအား ကစားပြိုင်ပွဲ ပြန်လည်ကျင်းပရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ လေ့ကျင့်ရေး စီမံချက်များ ရေးဆွဲထားသင့်ပါကြောင်း၊ ပြိုင်ပွဲပြန်လည်ကျင်းပနိုင်ရေး ယနေ့အစည်းအဝေးမှ ရရှိသော အချက်အလက်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အနေနှင့် ပြန်လည်ဆွေးနွေးပြီး မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများပြန်လည်စတင်နိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်