မကွေး ၃၀ မတ်     

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်၍ ၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့သည့် မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း(၂၀၁၇) အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားကို မတ်လ ၂၉ ရက် နံနက် ၁၀ နာရီက မကွေးမြို့ စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အရှိန်အဟုန်ဖြင့် ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ဒေသအလိုက် ကြုံတွေ့နေရသော အခက်အခဲများ လိုအပ်ချက်များ အိမ်ထောင်စုများ၏ နေထိုင်မှု အခြေအနေများကို ရှုထောင့်ပေါင်းစုံမှ သိရှိနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန အောက်မှာရှိသည့် ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်၍ မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း(၂၀၁၇)ကို UNDP နှင့် World Bank တို့၏ ပံ့ပိုးမှုဖြင့် ၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကောက်ယူပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်သည့် အရေးကြီးလုပ်ငန်းစဉ်များတွင် ခိုင်မာသည့် အခြေခံစာရင်းအင်း အချက်အလက်များ အပေါ် အခြေခံဆောင်ရွက်နိုင်ရေးမှာ အလွန်အင်မတန်မှ အရေးကြီးကြောင်း၊ စိတ်ချယုံကြည်ရသော စာရင်းအင်းများမရှိလျှင် ရှားပါးသည့် သယံဇာတခွဲဝေမှုများအား မှားယွင်းစေနိုင်သည့်အပြင်  မူဝါဒ ဆုံးဖြတ်ချက်များအား မှားယွင်းစေနိုင်သည့်အတွက် ပြည်သူများ၏ လူမှုရေး၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု များအပေါ် သက်ရောက်မှုများစွာ ရှိလာမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ကျွန်တော်တို့အားလုံးအတွက် အချက်အလက်ကို အခြေခံသည့် မူဝါဒများချမှတ်ရာတွင် ယုံကြည်စိတ်ချရပြီး တိကျမှန်ကန်သော စာရင်းအင်းအချက်အလက်များ မရှိမဖြစ် လိုအပ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

 

ဆက်လက်၍ ၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့သည့် မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း (၂၀၁၇)မှတ်တမ်း Video Clip ပြသခဲ့ပြီး၊ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်း ဇော်က မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်းမှ ရရှိလာသောရလဒ်၊မူဝါဒဆိုင်ရာ အကြံပြုချက်နှင့် စစ်တမ်းအစီရင်ခံစာ အကျိုးရလဒ်များကို ရှင်းလင်းပြောကြားကာ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)

 

111