နေပြည်တော် စက်တင်ဘာ ၂၆
မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိနေမှုအပေါ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူနှင့် ပို့ကုန်လုပ်ငန်း ရှင်များအသင်းနှင့် ညီနောင်အသင်းများ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သက်ဆိုင်သူအားလုံးတို့က မိမိတို့ကျရာ အခန်းကဏ္ဍများက အားကြိုးမာန်တက် ပူးပေါင်းပါဝင် ကြိုးပမ်းကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူနှင့် ပို့ကုန်လုပ်ငန်းရှင် များအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လက်ရှိ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ထုတ်လုပ်မှု ၊ ကုန်သွယ်မှု ၊ တန်ဖိုးမြှင့် ထုတ်လုပ်မှုနှင့် သုတေသနဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေထွက်ပစ္စည်းများ တင်ပို့ခြင်း၊ တင်သွင်းခြင်း လုပ်ငန်း များတွင် နိုင်ငံတကာက ပြဋ္ဌာန်းထားသော စည်းမျဉ်း စည်းကမ်းများ၊ ညွှန်ကြားချက်များ သက်ဆိုင်ရာနိုင်ငံများ၏ လိုအပ်ချက်များနှင့်အညီဖြစ်စေရန် လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်း၊ EU ဈေးကွက် လိုအပ်ချက်များနှင့်အညီ အမျိုးသားဓါတ်ကြွင်း ထိန်းချုပ်မှု အစီအမံ(National Residue Monitor ing Plan – NRMP) ကို နှစ်စဉ်ဆောင်ရွက် လျက်ရှိခြင်း တို့ကြောင့် ဒေသတွင်း နိုင်ငံများ ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့် နိုင်ငံတကာ ဈေးကွက် သို့ မွေးမြူရေး ရေထွက်ကုန်များ တင်ပို့ရောင်းချလျက်ရှိသည်။
လတ်တလောတွင် ပုဂ္ဂလိက ငါး ၊ ပုစွန်မွေးမြူရေးလုပ်ငန်းကြီး (၃)ခု ၏ မွေးမြူရေး ရေထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ရန် လိုအပ်သည့်အချက် အလက်များ ပေးပို့ဆောင်ရွက်ထားရှိပြီးဖြစ်သည်။
အလားတူ မွေးမြူရေးရေငန် ပုစွန်တင်ပို့လိုသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း တရုတ်နိုင်ငံ၏မွေးမြူရေး ရေသတ္တဝါထုတ်လုပ်မှုဆိုင်ရာ လိုအပ်ချက်များ နှင့် အညီဖြည့်ဆည်း ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်သည်။
အေးခဲရေထွက်ကုန်များ တင်ပို့ရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ- တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများ ၏ ညှိနှိုင်းဆွေးနွေး ချက်အရ ပင်လယ်ငါးဖမ်းလုပ်ငန်း အလုပ်သမားများအား ပင်လယ်မထွက်မီ (၁၄) ရက် Quarantine ထားရှိ၍ ကိုဗစ်စစ်ဆေးပြီးမှ ပင်လယ်ပြင် ထွက်ခွာရန်လိုအပ်မည်ဖြစ်ပြီး ၊ ငါးချဆိပ်ကမ်း ၊ စက်ရုံများရှိ အလုပ်သမားများနှင့် ပစ္စည်းထုပ်ပိုးသည့် ဝန်ထမ်းများကို (၂) ပတ်လျှင်(၁)ကြိမ် ကိုဗစ်စစ်ဆေးပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းအတွက် ဌာနနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ အကြား ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်