နေပြည်တော် ၊ ၂၃ ဒီဇင်ဘာ
မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များတွင် အားကစားနှင့်ကာယပညာဦးစီးဌာန အရာ ထမ်းများ ပါဝင်ဖွဲ့စည်းထားရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ဒုတိယဝန်ကြီး လမ်းညွှန်ချက်ဖြင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များတွင် ဒုတိယညွှန် ကြားရေးမှူးအထက် အရာထမ်းများအား တစ်ဦးလျှင်အဖွဲ့ချုပ်တစ်ခုစီ၌ တာဝန်ပေးအပ်သွား မည်ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်များတွင် ၂၀၁၅ခုနှစ်၊ နှစ်ပိုင်းမှ စ၍ ညွှန်ကြားရေးမှူးနှင့် အထက်အရာထမ်း(၁၃)ဦးကို အားကစား အဖွဲ့ချုပ်အသီးသီး၌ ဒုတိယ ဥက္ကဋ္ဌများအဖြစ် ဖွဲ့စည်းပြီးတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် အားကစား အဖွဲ့ချုပ်(၄၄)ဖွဲ့ရှိပါကြောင်း၊ အတည်ပြု မိန့်ထုတ်ပြန်ရန် ကျန်ရှိသည့် ရေကူး၊ ဝူရှူး၊ ခြေလျင်တောင်တက်အဖွဲ့ချုပ် (၃)ဖွဲ့ ကျန်ရှိပါ ကြောင်း၊ အားကစာ အဖွဲ့ချုပ်(၄၁)ဖွဲ့ကို အတည်ပြု ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ အားကစား အဖွဲ့ချုပ်(၄၁)ဖွဲ့တွင် အားကစားနည်း(၂၅)နည်း၌ အားကစား နှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်း(၁၇)ဦးရှိပါကြောင်း၊ ကျန်ရှိသည့်အဖွဲ့ချုပ်များတွင် တာဝန်ပေးအပ်ရန်အတွက် သင့်တော်သူများကို ဝိုင်းဝန်းဆက်လက် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့မှ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများက အားကစားအဖွဲ့ချုပ်များတွင် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဝန်ထမ်းများအား ရာထူးသတ်မှတ်ချက်ထက် အမှန်တကယ် တတ်ကျွမ်းနားလည် သူအဖွဲ့ချုပ်များနှင့် ဆက်ဆံမှု ကောင်းမွန်သူအဖွဲ့ချုပ်များ တွင်တွဲဖက်အတွင်း ရေးမှူး(သို့) အတွင်းရေးမှူး ခန့်အပ်နိုင်ရေး ကိစ္စရပ်များ တာဝန်ပေးသူများအား သတ်သတ်မှတ်မှတ် မူဝါဒ လမ်းညွှန်မှုများပေးနိုင်ရေးကိစ္စရပ်များ၊ အားကစားအဖွဲ့ချုပ်များနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာန အပတ်စဉ်(သို့)လစဉ် တွေ့ဆုံညှိနှိုင်း အစည်းအဝေး ပြုလုပ်နိုင်ရေး ကိစ္စရပ်များ ဝိုင်းဝန်းဆွေးနွေးကြကာ ထိုအဖွဲ့ချုပ်အလိုက် တာဝန်ပေးအပ်မည့် ဝန်ထမ်းအရာရှိများကို ဝိုင်းဝန်းဆွေးနွေး လျာထားခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


