ရန်ကုန် ၁၅ နိုဝင်ဘာ
မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်က စီစဉ်သည့် ၂၀၁၈ ခုနှစ်အတွက် အသက် (၇၀)နှစ် အထက် သက်ကြီးဝါရင့် အားကစားကလောင်ရှင်ကြီးများအား ကန်တော့ပွဲကို နိုဝင်ဘာလ၊ (၂၆)ရက် နံနက်(၁၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်သည် သက်ကြီးဝါရင့်အားကစား ကလောင်ရှင် ကြီးများအား ကန်တော့ပွဲကို ၂၀ဝ၈ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ရာ ယခု(၁၁)ကြိမ် မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာ့အားကစားနယ်ပယ်အတွက် အကျိုးပြု စာပေများကို အစဉ်တစိုက် ရေးသားခဲ့ပြီး အားကစားကလောင်ရှင်အဖြစ် အများပြည်သူ လေးစား အသိမှတ်ပြုခြင်း ခံခဲ့ရသည့် ဝါရင့်ကလောင်ရှင်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို တုန့်ဆပ်ပူဇော်သည့် အနေဖြင့် ယခုကန်တော့ပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။
ယခုနှစ်တွင် သက်ကြီးဝါရင့်အားကစားကလောင်ရှင် (၂၂)ဦးကို ကန်တော့မည်ဖြစ်ပြီး ၄င်းတို့မှာ (၁)ဆရာမောင်ရဲဝင်း (ဦးထွန်းသာ)၊ (၂)ဆရာမိုးမိုးတာရောစန် (ဗိုလ်မှူးကြီး ခင်မောင်သောင်း)၊ (၃)ဆရာတက္ကသိုလ်ကိုကိုကြီး (ဦးကိုကိုကြီး)၊ (၄)ဆရာမောင်ဗမာစိန်မောင် (ဦးစိန်မောင်)၊ (၅)ဆရာတက္ကသိုလ်စိုးဝင်း (ဦးစိုးဝင်း)၊ (၆)ဆရာဘာမထီခင်အောင် (ဦးခင်အောင်)၊ (၇)ဆရာဦးလှထွန်း (လယ်/ဆည် ဦးလှထွန်းဦး)၊ (၈)ဆရာတင်အောင် (ဂိုး ဦးတင်အောင်)၊ (၉)ဆရာဦးတင်ဟန် (ဦးတင်ဟန်)၊ (၁၀)ဆရာဘဘုန်း (အကောက်ခွန် ဦးခင်မောင်ကြိုင်)၊ (၁၁)ဆရာတက္ကသိုလ်မောင်ရဲ (ဦးရဲထွဋ်တင်)၊ (၁၂)ဆရာစိုးမှူး (ဦးစိုးမြင့်)၊ (၁၃)ဆရာတက္ကသိုလ် ကျော်စိန်သန်း (ဦးကျော်စိန်သန်း)၊ (၁၄)ဆရာဝင်းလွင်အောင် (ဦးသန်းလွင်)၊ (၁၅)ဆရာ ကျော့မောင် (မင်္ဂလာ တောင်ညွှန့် ဦးကျော့မောင်)၊ (၁၆)ဆရာသီဟညွှန့်တင် (လမ်းမတော် ဦးညွှန့်တင်)၊ (၁၆)ဆရာ ရဲထွတ် (ဗိုလ်တထောင် ဦးရဲထွတ်)၊ (၁၈)ဆရာနီနီဦး (ဦးနီနီဦး)၊ (၁၉)ဆရာလေးကိုကို (ဦးဉာဏ်ထွန်း)၊ (၂၀) ဆရာမြင့်ဆွေမြင့် (ဦးမြင့်ဆွေ)၊ (၂၁) ဆရာတင်မောင် (မိုးသောက်ကြယ် ဦးတင်မောင်)၊ (၂၂) ဆရာဦးစိန်မျိုးမြင့် (စိန်မျိုးမြင့်) ဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် အလုပ်အမှုဆောင်များ တက်ရောက်ရန် နှိုးဆော်ထားသည်ဟုလည်း သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


