ပုဂံ ၁၃ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သက်ရှည်ကျန်းမာပြီး မိသားစုဘဝ စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အကြောအဆစ်ပညာရှင်များအသင်း (Myanmar Physiotherapy Association)မှ ဒေါက်တာ ဒေါ်မိမိရီ ဦးဆောင်သော အကြောအဆစ်ပညာရှင် ၄၅ ဦးအဖွဲ့သည် ပုဂံမြို့ ပန်းတော်ကုသိုလ်ပြု ဆေးခန်းတာဝန်ခံ ဒေါ်မော်မော်အောင် ဦးဆောင်သော ကျန်းမာရေးဆရာ၊ ဆရာမများအဖွဲ့နှင့် ပူးပေါင်း၍ ဇန်နဝါရီ ၁၂ ရက် နံနက် ၈ နာရီက ပုဂံမြို့ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက်သို့ လာရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ကျန်းမာရေးပြုစုကုသခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခမဲ့ ကျန်းမာရေးပြုစုကုသပေးရာတွင် မြန်မာနိုင်ငံ အကြောအဆစ်ပညာရှင်များအသင်းမှ ဒေါက်တာ ဒေါ်မိမိရီက လာရောက်ပြသသည့် လူနာများအား အသက်အရွယ် အပိုင်းအခြားအလိုက် ဖြစ်ပွားသည့် အကြောအဆစ် ရောဂါဝေဒနာများနှင့် ကြိုတင်ကာကွယ်ကုသရန် နည်းစနစ်များ၊ အကြောအဆစ် ရောဂါဝေဒနာ ကင်းဝေးစေရေး မှီဝဲသုံးစွဲသင့်သည့် အာဟာရဖြည့်စွက်စာများအကြောင်းနှင့် သတိပြုနေထိုင်ရမည့် နည်းစနစ်များကို ပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောသည်။

ထို့နောက် ပုဂံမြို့ရတနာဘုံစံ တောရဓမ္မရိပ်သာကျောင်းမှ ဆရာတော် ဦးသာဂရ၏ ဩဝါဒကို ခံယူကာ မြန်မာနိုင်ငံ အကြောအဆစ်ပညာရှင်များအသင်းမှ ဒေါက်တာ ဒေါ်မိမိရီနှင့် အကြောအဆစ်ပညာရှင် ၄၅ ဦးအဖွဲ့က ပုဂံမြို့ ပန်းတော်ကုသိုလ်ပြုဆေးခန်းမှ တာဝန်ခံ ဒေါ်မော်မော်အောင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းအဖွဲ့နှင့်အတူ ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများမှ လာရောက်ပြသသည့် လေဖြတ်ရောဂါဝေဒနာရှင်၊ ဒူးနာခါးနာရောဂါဝေဒနာရှင်၊ အရိုးကျီးပေါင်းရောဂါနှင့် ကလေးပိုလီယို ရောဂါဝေဒနာရှင် ၁၁၀ဝ ဦးအား ကျန်းမာရေး စမ်းသပ်စစ်ဆေးပြီး ဆေးဝါးများဖြင့် အခမဲ့ ပြုစုကုသပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ပုဂံညောင်ဦးမြို့နယ်ရှိ အကြောအဆစ်ရောဂါဝေဒနာရှင် ဒေသခံပြည်သူများ အခမဲ့ဆေးဝါးကုသနိုင်ရေးအတွက် ပုဂံမြို့မှ Bagan View Hotel မိသားစုက ကုသိုလ်ပြု ဇီဝိတဒါန လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)