မြန်မာနိုင်ငံ အကျိုးစီးပွား မြင့်မားရေးကို ဆောင်ကြဉ်း

နေပြည်တော် ၁၆ ဇွန်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သမ္မတအဖြစ်တာဝန်ယူခဲ့ပြီး ယခုနှစ် ဧပြီ ၂၆ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီးနောက် ဇွန် ၁၅ ရက်နှင့် ၁၆ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် ဧရာဝတီကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာညီလာခံနှင့် (၉) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို မြန်မာ-ဗီယက်နမ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ နိုင်ငံတော် သမ္မတ၏ ယခုခရီးစဉ်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်းဖြစ်ပြီး တစ်ဆက်တည်းတွင် ဖော်ပြပါ ဆွေးနွေးပွဲများသို့လည်း တက်ရောက်ဆွေးနွေးခဲ့သည်။

ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာညီလာခံ (အက်မက်စ်) နှင့် ကမ္ဘောဒီးယား - လာအို- မြန်မာ-ဗီယက်နမ် ထိပ်သီးအစည်းအဝေး (စီအယ်လ်အမ်ဗွီ) တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး အစည်းအဝေးနှစ်ခုကို တစ်ဆက်တစ်စပ်တည်း ကျင်းပလေ့ရှိသည်။ စီအယ်လ်အမ်ဗွီတွင် မူလက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ် လေးနိုင်ငံပါဝင်ခဲ့ပြီးနောက် ပထဝီအနေအထားအရ ဆက်စပ်နေသော ထိုင်းနိုင်ငံလည်း ပါဝင်ခဲ့သည်။

အက်မက်စ်တွင် အဆိုပါနိုင်ငံ ငါးနိုင်ငံပါဝင်ပြီး ညီလာခံနှစ်ခုလုံး၏ ရည်ရွယ်ချက်မှာ နိုင်ငံများအကြားတွင် ဖွံ့ဖြိုးမှုကွာဟချက် လျော့နည်းပြီး စီးပွားရေးတိုးတက်လာစေရန်ဖြစ်သည်။ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အက်မက်စ်) ပထမအကြိမ်အစည်းအဝေးကို ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံ ပုဂံမြို့၌ ကျင်းပခဲ့ပြီး ပုဂံကြေညာစာတမ်းကို အတည်ပြုခဲ့သည်။

အက်မက်စ်နှင့် စီအယ်လ်အမ်ဗွီ တို့နှစ်မျိုးစလုံးတွင် အဖွဲ့ဝင်နိုင်ငံများသည် အာဆီယံ၏ တစ်ခုတည်းသော အသိုက်အဝန်း (ACE) အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့ရာ အထောက်အကူများစွာ ရရှိနေပြီဖြစ်သည်။ ပုဂံ ကြေညာစာတမ်းတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်စီးပွားရေးဇုန်များတွင် စီးပွားရေး အခြေခံအဆောက်အအုံများ တိုးမြှင့်တည်ဆောက်ရေးလုပ်ငန်းများ ပါဝင်ပြီး နယ်စပ်ဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်ရေးအတွက် လျာထားချက်များလည်း ပါဝင်သည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့၏ ယခုခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း) နှင့် ဇနီးတို့ကို ခင်မင် ရင်းနှီးစွာတွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲတို့တွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေး၊ သင့်လျော်သည့် ရပိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုများ ပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဂိတ်များ အဆင့်မြှင့်တင်ရေး၊ ရခိုင် ပြည်နယ်အရေးကိစ္စတွင် ထိုင်းနိုင်ငံမှ အပြုသဘော အကူအညီပေးရေး၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေးတို့နှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ နှင့်ဇနီးတို့၏ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆွေးနွေးနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချနိုင်ရေး ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးသော ခရီးစဉ်ဖြစ်သောကြောင့် ဒေသတွင်းနှင့် မြန်မာနိုင်ငံမှ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် ပိုမိုဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ