နေပြည်တော် စက်တင်ဘာ  ၁၂

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင် တို့ ဦးဆောင်သော အဖွဲ့သည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရွှေမြယာစိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအား  သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရွှေမြယာ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များ၌ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံး ရရှိရ မည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစု လာရောက်တွေ့ဆုံနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပေးမှု၊ လုပ်ငန်းခွင် အတွင်း ဘေးအန္တရာယ် ကင်း‌ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ် ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည့် အခြေအနေများကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသားများကို သီးခြားတွေ့ဆုံ မေးမြန်း မှတ်တမ်းတင်ခဲ့သည်။

ထို့ပြင် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုထောင်၊ ရေသန့်ကန်၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်က လှူဒါန်းခဲ့သည်။

အဆိုပါ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြု ချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင် ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်