ရန်ကုန်၊ ဧပြီ ၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေး သင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က ကော်မရှင်ရုံး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးသည် ကော်မရှင်၏ မဟာဗျူဟာ ရည်မှန်းချက်ဖြစ်သည့်အတွက် လူ့အခွင့်အရေး အသိပညာပေး သင်တန်း၊ နည်းပညာဆိုင်ရာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း စသည့် သင်တန်းအမျိုးမျိုးကို စီစဉ်ပေးနေကြောင်း၊ စွမ်းဆောင်ရည် မြင့်မားလာစေခြင်းဖြင့် ကော်မရှင်၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်အောင် အထောက်အပံ့ ပေးနိုင်သည့် လုပ်ငန်းကျွမ်းကျင်သူများ ဖြစ်လာစေရန်ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများက မိတ်ဆက်စကားများ ပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ဌာနတွင်း လူ့အခွင့်အရေး အသိပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ကို ကော်မရှင်ရုံးခွဲများမှ ဝန်ထမ်းများအပါအဝင် သင်တန်းသားဦးရေ (၁၈) ဦးဖြင့် ဖွင့်လှစ် သွားမည်ဖြစ်ပြီး သင်တန်းကာလ (၅) ရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းပို့ချမှုကို Online, Face to Face စနစ်(၂) မျိုးဖြင့် Hybrid Format ကို အသုံးပြု၍ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ် (၁၃) ခုကို သင်ကြားသွားမည်ဖြစ်ကြောင်း၊ အလားတူ ဝန်ကြီးဌာနများသို့လည်း Online System ဖြင့် လူ့အခွင့်အရေး အသိပညာပေးသင်တန်းများ ထပ်မံဖွင့်လှစ် ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းသား အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
သတင်းစဉ်