စစ်တွေ ဖေဖော်ဝါရီ ၁၉

 

မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှင်းလင်းတင်ပြ

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ခေတ္တပြည်နယ် တာဝန်ခံက မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာ ဌာနအလိုက် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

ဓာတ်ပုံ - ဝင်းမင်းစိုး