နေပြည်တော် ၁၈ စက်တင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max၊ ၌ ကျင်းပသည့် မြန်မာနိုင်ငံအမျိုးသားအဆင့် ပြန်လည်သန်စွမ်းရေး မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) (Myanmar National Rehabilitation Strategic Plan) မိတ်ဆက်ပွဲနှင့် မဟာဗျူဟာ စီမံကိန်းလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန၏ ဦးတည်ချက်ဖြစ်သော ပြည်သူများရောဂါဘယကင်းဝေး၍ ကောင်းမွန်မြင့်မားသော ကျန်းမာရေးအဆင့်ကို ပိုင်ဆိုင်ရရှိစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်လည်သန်စွမ်းရေး လုပ်ငန်းများသည်လည်း အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ပြန်လည်သန်စွမ်းရေး လုပ်ငန်းများသည် ကြီးမားကျယ်ပြန့်ပြီး ဆေးနှင့်ဆေးနှီးနွှယ်ပညာရပ်များ၊ ပံ့ပိုးဆောင်ရွက်မှုပညာရပ်များ စသည်ဖြင့် ဘာသာရပ်စုံနှင့် ကဏ္ဍစုံမှချိတ်ဆက်မှု အားကောင်းစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ရခြင်း၊ တစ်ကြိမ်တစ်ခါတည်း လုပ်ဆောင်ရခြင်းမဟုတ်ဘဲ စဉ်ဆက်မပြတ်ပြုစုကုသ ဆောင်ရွက်ရခြင်း၊ တစ်ဦးချင်းစီအလိုက်ကွဲပြားသော ပြန်လည်သန်စွမ်းရေး လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်ရခြင်းမျိုးဖြစ်ပါကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို အလေးပေးဆောင်ရွက်ရုံသာမက အဆိုပါ လုပ်ငန်းများနှင့်တန်းတူ အရေးကြီးသည့် ပြန်လည်သန်စွမ်းရေးလုပ်ငန်းများကိုလည်း ပိုမိုအားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြန်လည်သန်စွမ်းရေးလုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်စေရေး ဆောင်ရွက်ရာတွင် ယခုရေးဆွဲခဲ့သည့် မဟာဗျူဟာစီမံကိန်းသည် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းတွင် သတ်မှတ်လုပ်ငန်းစဉ်များ၊ လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပံ့ပိုးဆောင်ရွက်မှုများတွင် တာဝန်ခွဲဝေသတ်မှတ်ထားရှိမှု၊ လုပ်ငန်းစဉ်များ အချိတ်အဆက်ကောင်းမွန်မှု၊ လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော်မှု အချိန်သတ်မှတ်ချက် စသည်ဖြင့် ပါဝင်သည်ကို တွေ့ရှိရပြီး စနစ်တကျ ကောင်းမွန်ပြည့်စုံစွာ ရေးဆွဲထားသည်ကို တွေ့ရှိရပါကြောင်း။
မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သော လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အပါအဝင် နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် အောင်မြင်မှု စောင့်ကြည့်အကဲဖြတ်မှု မူဘောင် (monitoring framework) စနစ်ကိုလည်း ချမှတ်ဆောင်ရွက်စေလိုပါကြောင်း။
ပြန်လည်သန်စွမ်းမှု လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် မသန်စွမ်းသူ တစ်ဦးအား လူမှုဘဝနှင့်နေထိုင်မှု အဆင့်အတန်းမြင့်မားစေခြင်း၊ ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းများ မြင့်မားစေခြင်း၊ စိတ်ဓာတ်ခွန်အားတိုးမြှင့်စေခြင်း စသည့် အကျိုးများစွာ ရရှိစေနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မတ္တရာမြို့နယ်ရှိ ခုတင် (၇၀ဝ) ဆံ့ ရေနံ့သာအနာကြီးရောဂါ အထူးကုဆေးရုံကြီးအား ပြန်လည်သန်စွမ်းရေးဆေးရုံ (အထက်မြန်မာပြည်) တိုးချဲ့မွမ်းမံဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း။
ပြန်လည်သန်စွမ်းမှုဆိုင်ရာ လုပ်ငန်းများကို မိမိတို့၏ အရေးကိစ္စသဖွယ်အလေးထား၍ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူတိုင်းအခြေခံအခွင့်အရေးရရှိရေး၊ လူ့ဂုဏ်သိက္ခာပြည့်ဝသော အသိုင်းအဝိုင်းရရှိရေးတို့အတွက် လုပ်ငန်းများ ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့ပြီး မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ချမှတ်ထားသည့် ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မွေးကင်းစမှ အသက် (၅)နှစ်အထိ ကလေးငယ်များတွင် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ မသန်စွမ်းခြင်းနှင့် အခြားလိုအပ်ချက်များရှိခြင်းတို့ကို စောစီးစွာသိရှိဖော်ထုတ်ကာ လိုအပ်သည့်ဝန်ဆောင်မှု လုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် “ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဝန်ဆောင်မှု” လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါကြောင်း။
ကလေးငယ်များတွင် ဦးနှောက် ဉာဏ်ရည်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ခြင်း နှောင့်နှေးမှု အခြေအနေများကို မိဘများကိုယ်တိုင် သိရှိဖော်ထုတ်ကာ ဝန်ဆောင်မှုများ အချိန်မီရယူနိုင်ရန်မှာ အရေးကြီးပါကြောင်း၊ နိုင်ငံ၏ အနာဂတ်အတွက်အရေးကြီးသည့် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုများ ကောင်းမွန်ခြင်းဖြင့် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် နှီးနွှယ်ဆက်စပ်ဌာနများ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ဆေးပညာအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မျိုးလှက မဟာဗျူဟာစီမံကိန်းရေးဆွဲခဲ့မှု၊ မဟာဗျူဟာစီမံကိန်း၏ အဓိကရည်မှန်းချက်လုပ်ငန်းများနှင့်် ပါဝင်သော လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုမှုများ၊ အစုအဖွဲ့ဖြင့်ဆွေးနွေးအကြံပြုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


