နေပြည်တော် ၂၆ နိုဝင်ဘာ

မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေးအတွက် အကြံပေးအဖွဲ့ဝင်များနှင့် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် (၁၉၉၃) ခုနှစ်၌ အဆိုပါခေတ်ကာလအခြေအနေ၊ ကျန်းမာရေးအခြေအနေများနှင့်အညီ ရေးဆွဲခဲ့သော အမျိုးသားကျန်းမာရေးမူဝါဒ ရှိခဲ့ပါကြောင်း၊ ယခုအခါ အဆိုပါအမျိုးသားကျန်းမာရေးမူဝါဒကို ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစေရန်အတွက် ပြန်လည်ရေးဆွဲနိုင်ရန် အမျိုးသားကျန်းမာရေး မူဝါဒပြန်လည်ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ အကြံပေးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အတွင်းရေးမှူးအဖွဲ့တို့ကိုဖွဲ့စည်း၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။

ထိုသို့ဖွဲ့စည်းရာတွင် ကျန်းမာရေးကဏ္ဍနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားပညာရှင်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသူများနှင့် တာဝန်များကို လက်ဆင့်ကမ်းယူမည့် မျိုးဆက်သစ်လူငယ်ပညာရှင်များ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ယခုအကြံပေးအဖွဲ့ဝင်များ အစည်းအဝေးပြီးနောက်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ၊ နှီးနွှယ်ဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ကျန်းမာရေးကဏ္ဍ လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများပါဝင်သော အစည်းအဝေးတစ်ခုကို လာမည့်ဒီဇင်ဘာလတွင် ကျင်းပကာ အကြံပြုချက်များ ရယူသွားမည်ဖြစ်ပါကြောင်း။

အမျိုးသားကျန်းမာရေးမူဝါဒကို ပြန်လည်ရေးဆွဲသည့်အခါ မူဝါဒနှင့်အတူ လုပ်ငန်းမဟာဗျူဟာ၊ လုပ်ငန်းများ အကောင်အထည်ဖော်မှုမူဘောင်၊ ပူးပေါင်းဆောင်ရွက်မှုမူဘောင်၊ လုပ်ငန်း များကိုစောင့်ကြပ်ကြည့်ရှုဆန်းစစ်မှုစနစ်၊ သုတေသနပြုလုပ်ဆန်းစစ်မှုစနစ်၊ ခိုင်မာတိကျသော ကျန်းမာရေး သတင်းအချက်အလက်စနစ်တို့ ယှဉ်တွဲပါဝင်ရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ရေးဆွဲမည့်မူဝါဒသည် ကျန်းမာရေးကဏ္ဍကိစ္စရပ်များဖြစ်သော ပြောင်းလဲလျက်ရှိသော ကျန်းမာရေးအခြေအနေအရပ်ရပ်၊ ကျန်းမာရေးနည်းပညာများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် အခြေအနေများနှင့်သာမက လူမှုစီးပွားရေး၊ နိုင်ငံရေးစသော အခြေအနေအရပ်ရပ်၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲမှုများနှင့်လည်း ကိုက်ညီမှုရှိရမည် ဖြစ်ပါကြောင်း။

အမျိုးသားကျန်းမာရေးမူဝါဒသစ်တွင် ဖြစ်ပွားမှုများပြားလာလျက်ရှိသော မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးကိုလည်း ဦးစားပေး ထည့်သွင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များရေးဆွဲရာတွင် ဦးစားပေးအဆင့်များ သတ်မှတ်၍ တိကျသော လုပ်ငန်းတာဝန် သတ်မှတ်ချက်များ ပါဝင်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရန် လိုအပ်သည့် အရင်းအမြစ်များ စနစ်တကျခွဲဝေချထားမှုနှင့် စီမံခန့်ခွဲမှုများကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်လေ့ကျင့်မှု မဟာဗျူဟာနှင့် စီမံကိန်းများသည် အလွန်အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအတွက် သုတေသနစွမ်းရည်နှင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှုစွမ်းရည်များ မြှင့်တင်ရေးအတွက် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင် Research Training Center ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါကာကွယ်ဆေးထိုးခြင်းသာမက အခြားကျန်းမာရေးစီမံချက်များမှ ကျန်းမာရေးအသိပညာ မြှင့်တင်မှုလုပ်ငန်းများကိုပါ တွဲဖက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကိုလည်း ပြန်လည်ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာ ပိုမိုကောင်းမွန် ထိရောက်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်းက မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး (မူကြမ်းအကျဉ်း) အား တင်ပြခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရေး အကြံပေးကော်မတီ ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာဖေသက်ခင်နှင့် အဖွဲ့ဝင်များက ဆွေးနွေးပြောကြားခြင်းနှင့် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

သတင်းစဉ်