နေပြည်တော် ဖေဖော်ဝါရီ ၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှအဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင် တို့ ဦးဆောင်သော အဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတအကျဉ်းထောင်ကိုသွား ရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုရှိ မရှိ၊ အကျဉ်းထောင် သတ်မှတ်စည်းကမ်းချက များနှင့်အညီ လာရောက်ပို့ဆောင်ပေးသော ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်းရှိ မရှိနှင့် အကျဉ်းထောင်နှင့် အချုပ်ခန်းများအတွင်း ညှဉ်းပန်းနှိပ်စက်မှုရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်း တင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသည့် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများနှင့် တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်သည်။
ယင်းနောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ သန့်ရှင်းမှု၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှုရှိ မရှိ၊ တိုက်ခန်းများ၊ ဆေးရုံခန်း၊ စားဖိုကြီး၊ ရိက္ခာ စတို၊ သောက်ရေ၊ သုံးရေကန်များနှင့် စာကြည့်တိုက်တို့ကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအပေါ် လိုက်နာ ဆောင်ရွက်ထားရှိမှုနှင့် Quarantine ထားရှိသည့် အဆောင်အခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာ ပြန်စာသားများပါရှိသော မှတ်စုစာအုပ် (၅၀၀) ကို ကော်မရှင်က လှူဒါန်းရာ အကျဉ်းထောင်တာဝန်ခံမှ လက်ခံရယူသည်။
ဟင်္သာတအကျဉ်းထောင်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


