နေပြည်တော် ဧပြီ ၂၅

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်နှင့် ဦးကျော်စိုးတို့  ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ  ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ ဆားမလောက် စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျဉ်း သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်းရှိမရှိနှင့် ညှဉ်းပန်းနှိပ်စက်မှုရှိမရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်သည်။

ယင်းနောက် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၅၀ တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ ဆားမလောက်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း တာဝန်ခံအရာရှိမှ လက်ခံရယူသည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လို အပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်