နေပြည်တော် ဇွန် ၁၆
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော အဖွဲ့သည် ဇွန် ၁၃ ရက်နှင့် ဇွန် ၁၄ ရက်များတွင် မော်လမြိုင်အချုပ်ထောင်ကို လည်းကောင်း၊ ဇွန် ၁၅ ရက်တွင် ကျိုက်မရောဗဟိုအကျဉ်းထောင်နှင့် ကျိုက်မရောမြို့မရဲစခန်းကို လည်းကောင်း၊ ဇွန် ၁၆ ရက်တွင် မော်လမြိုင်မြို့မရဲစခန်းနှင့် မုပွန်နယ်မြေရဲစခန်းတို့ကို လည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
ဗဟိုအကျဉ်းထောင်နှင့် အချုပ်ထောင်တို့ကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများကို အုပ်စုလိုက်ခွဲ၍တွေ့ဆုံကာ အကျဉ်းသား/အချုပ်သား တစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ/မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ/မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ/မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဗဟိုအကျဉ်းထောင်နှင့် အချုပ်ထောင်တို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ၏ အိပ်ဆောင်များ၊ ထောင်တွင်းဆေးရုံ/ဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့်သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိတို့ကို လည်းကောင်း၊ အကျဉ်းသား/အချုပ်သားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အချုပ်ထောင်နှင့် ဗဟိုအကျဉ်းထောင်တို့ရှိ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများပါရှိသော မှတ်စုစာအုပ် ၅၀၀၊ ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၅၀၀ နှင့် Oxygen Regulator ၅ လုံးတို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ အကျဉ်းထောင်တာဝန်ခံအရာရှိတို့မှ လက်ခံရယူသည်။
ယင်းအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်