နေပြည်တော် ဇူလိုင် ၆

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သော အဖွဲ့သည် ဇူလိုင် ၄ ရက်တွင် သထုံအကျဉ်းထောင်နှင့် သထုံမြို့မရဲစခန်း အချုပ်ခန်းကိုလည်းကောင်း၊ ဇူလိုင် ၅ ရက်တွင် ဘားအံအကျဉ်းထောင်နှင့် ဘားအံမြို့မရဲစခန်း အချုပ်တို့ကိုလည်းကောင်း၊ ဇူလိုင် ၆ ရက်တွင် မာလာဖူးကုန်ထုတ်စခန်းကို လည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေလုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသား/ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးမှု၊ ကုန်ထုတ်လုပ်နေမှု  စသည်တို့ကို  မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ထောင်တွင်းဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ၊ ကုန်ထုတ်စခန်းလုပ်ငန်းခွင်အန္တရာယ် ရှိ မရှိ မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 

အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများ ပါရှိသော မှတ်စုစာအုပ် ၉၀၀၊ ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၁၆၂ အုပ်နှင့် Oxygen Regulator ၆ လုံးတို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိများမှ လက်ခံရယူသည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်