နေပြည်တော် ဒီဇင်ဘာ-၃၀

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာ သန်းမြင့်၊ ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက်တွင်  ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်ရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီး ကလေးများသင်တန်းကျောင်း(မလိခ) တို့ကိုလည်းကောင်း၊ ယနေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်း ကျောင်း (ထောက်ကြန့်) ကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် လူငယ်သင်တန်းကျောင်းများတွင် စောင့်ရှောက်ထားသော ကလေးသူငယ် များ၏ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ အာဟာရပြည့်မီသော အစားအစာ၊ သန့်ရှင်းသော သောက်သုံး ရေရရှိခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စသည့် အခြေခံ လူ့အခွင့်အရေးများ ရရှိခြင်း ရှိ မရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းကျောင်းရှိကလေးသူငယ်များ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်သင်တန်းကျောင်းများရှိ စာကြည့်တိုက်များတွင် ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေး စာအုပ်မျိုးစုံ အုပ်ရေ (၁၅၀) နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာ ပြန်စာသားများပါရှိသော မှတ်စုစာအုပ် (၁၅၀၀)တို့ကို ကော်မရှင်မှလှူဒါန်းခဲ့ရာ သက်ဆိုင်ရာကျောင်းအုပ် များက လက်ခံရယူခဲ့သည်။

 

ကော်မရှင်အဖွဲ့ဝင်များ၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေး နိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)