နေပြည်တော် ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းများ၊ အကျဉ်းဦးစီးဌာန ပုသိမ်အကျဉ်းထောင်နှင့် ပုသိမ်မြို့ရှိ စက်တော်ရာဘိုးဘွားရိပ်သာနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပုသိမ်(ရုံးခွဲ)များသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ဖေဖော်ဝါရီ ၁၉ ရက်က ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်မြို့ရှိ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ မိသားစုတွေ့ဆုံမှု အခြေအနေ၊ ရုံးထုတ်နေမှုအခြေအနေ၊ ရုံးထုတ်ကာလအတွင်း စားသောက်မှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုအခြေအနေ၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ၊ မရှိနှင့် အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ဖေဖော်ဝါရီ ၂၀ ရက်က ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်အကျဉ်းထောင်ကို ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သား တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ၊ မရှိ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ လုံလောက်မှု ရှိ၊ မရှိ၊ မိသားစုနှင့် တွေ့ဆုံခွင့်အခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ၊ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ၊ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိနှင့် အိပ်ဆောင်များအတွင်း သန့်ရှင်းမှု ရှိ၊ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေး မေးမြန်းမှတ်တမ်းတင်ခဲ့ကြသည်။
ထို့အတူ ပုသိမ်အကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း၊ အပြင်မိလ္လာများ သန့်ရှင်းမှု ရှိ၊ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလားတူ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်မြို့နယ်ရှိ စက်တော်ရာဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု အခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက် များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြု ပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ သိရသည်။
သတင်းစဉ်