ရန်ကုန် ဩဂုတ် ၁၈
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ စစ်ဆေးခဲ့ရာ လူငယ်သင်တန်းကျောင်း၌ လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော လူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှုနှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်၊ လူငယ်များအားစာရိတ္တပြုပြင်၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဖွံ့ဖြိုးတိုးတက်လာအောင် လေ့ကျင့်ပြုစုပျိုးထောင် ပေးနေမှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေး နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)