နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများအတွက် ၂၀၂၄ ခုနှစ်၊ အခြေခံရုံးလုပ်ငန်းသင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ကော်မရှင်ရုံး အရာထမ်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကော်မရှင်၏ ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက် (Operational Plan) ရည်မှန်းချက်ပန်းတိုင် (၆) တွင် သတ်မှတ်ထားသည့်အတိုင်း အရည်အချင်းပြည့်ဝပြီး လုပ်ငန်းအပေါ်သစ္စာရှိသော ဝန်ထမ်းကောင်းများရရှိစေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူ့အခွင့်အရေး မြှင့်တင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရေးအတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အခြေခံရုံးလုပ်ငန်းများကို မှန်မှန်ကန်ကန်၊ မြန်မြန် ဆန်ဆန်နှင့် စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် အရေးကြီးသည့်အတွက် သင်တန်းသားများအနေ ဖြင့် ဂရုတစိုက် မှတ်သားစေလိုကြောင်း၊ သင်တန်းပို့ချမည့် ဆရာများကလည်း စေတနာထားပြီး လက်တွေ့အတွေ့အကြုံများနှင့် ယှဉ်တွဲပို့ချပေးစေလိုကြောင်း၊ ကော်မရှင်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ စွမ်းဆောင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားရန် ခံယူမှတ်သားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြား၍ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က အခြေခံရုံးလုပ်ငန်းသင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်လင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်