ရန်ကုန် ၄ မေ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အလွတ်တန်း ဖိတ်ခေါ် Dance Fit Expo (Myanmar Fitness Dance) ZUMBA ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြား၍ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်သို့ အလှူရှင်များက လှူဒါန်းငွေများပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာဇော်အေးမောင်၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက ဒေါ်နန်းအေးခိုင်တို့က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ Fitness Dance များက သရုပ်ပြသပြီး ပြိုင်ပွဲကို စတင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၅)သင်း၊ စုစုပေါင်း အားကစားသမားဦးရေ (၇၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မေ ၅ရက် နံနက်(၉)နာရီတွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)