ရန်ကုန် ၂၃ ဇန်နဝါရီ 


မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဖြစ်ပေါ်တိုးတက်မှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး၌ ကျင်းပသည်။


ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းက "လွှတ်တော်မှာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပြင်ဆင်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။ A.G.T.I တွေက ကျွန်တော်တို့ ဥပဒေထဲမှာ ဆက်လက်ပြီး ပါဝင်နေတယ်ဆိုတာကို သိစေချင်လို့ အခုလို ရှင်းလင်းတာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ယုံကြည်မှု အမြင်အနေနဲ့ကတော့ ဒါကစိုးရိမ်စရာကိစ္စမဟုတ်ပါဘူး။ ဒါကပါပြီးသားပါ။ ကျန်တဲ့ အများကနှစ်သက်တဲ့ စကားလုံးတွေ၊ ဝေါဟာရတွေ၊ စကားရပ်တွေသာ ပြောင်းလဲသွားရင်ပြောင်းသွားမယ်၊ တကယ့်ဥပဒေရဲ့ အနှစ်သာရကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟု ပြောသည်။


"ကောင်စီအနေနဲ့က အင်ဂျင်နီယာပညာရှင်တွေကို အရည်အသွေးပြည့်ဝတဲ့ အင်ဂျင်နီယာတွေဖြစ်ဖို့၊ လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တာကို ပိုပြီး ကြည့်ရှုပေးတာဖြစ်ပါတယ်။ ပညာရှင်တွေကို ကျင့်ဝတ်တွေနဲ့အညီ ကျင့်ကြံပြီး အလုပ်လုပ်ဖို့ အတွက်ရယ်၊ သူတို့ရဲ့အတတ်ပညာတွေနဲ့ အာဆီယံဒေသအတွင်းမှာရှိတဲ့ အင်ဂျင်နီယာတွေနဲ့ ယှဉ်ပြိုင်ပြီး လုပ်ကိုင်နိုင်အောင် မျှော်လင့်တာဖြစ်ပါတယ်။  မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနဲ့ အကျူံးဝင်တာကတော့ မှတ်ပုံတင်သော အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနဲ့သာ ပတ်သက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့က စီးပွားရေးအဖွဲ့အစည်း မဟုတ်ပါဘူး" ဟု ဒေါက်တာချာလီသန်းက ဆက်လက်ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်မြင့်က ကောင်စီဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကိစ္စနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ယနေ့ဖြစ်ပေါ်တိုးတက်မှုများအပေါ် ကောင်စီ၏အနှစ်သာရကို လည်းကောင်း ရှင်းလင်းတင်ပြပြီး မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားသည်။    


သတင်း - မီမီဖြိုး၊ 
ဓာတ်ပုံ - လှမိုး

 

mdn