မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော် ၂၆ ဇန်နဝါရီ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် A.G.T.I Society ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့သည် ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် (I-2)ခန်းမဆောင်၌ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတွင် စက်မှုလက်မှုသိပ္ပံများဟူသည့် စကားရပ်ပါဝင်မှုမရှိခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ A.G.T.I Society ဗဟိုကော်မတီဥက္ကဋ္ဌ ဦးငြိမ်းအောင်က ရှင်းလင်းတင်ပြရာ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်တင့်နှင့် အဖွဲ့ဝင်များ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဝင် ဦးသန်းစိုးအောင်တို့က ဖြည့်စွက်တင်ပြကြသည်။

ယင်းတင်ပြဆွေးနွေးချက်များအပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)