နေပြည်တော်   မတ် ၁၈

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင် သီးနှံပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လာဆန်းစစ်ခြင်း” စီမံကိန်းအောင်မြင် ပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင် ရာသီဥတုပြောင်းလဲ ခြင်း၊ မိုးခေါင်ခြင်း နှင့် သီးနှံဖျက်ပိုး ကျရောက်ခြင်းတို့ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေလျက်ရှိပြီး စပါးသီးနှံတွင် ဆစ်ပိုး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံတွင် စုပ်စားပိုး၊ ပဲမျိုးစုံတွင် သီးလုံးဖောက်ပိုးတို့ အများဆုံး ကျရောက်သည်ကို တွေ့ရှိရပါကြောင်း၊သီးနှံကြီးထွား မှုအဆင့်အလိုက် ဆုံးရှုံးမှုအနေဖြင့် သီးနှံအများစု၌ စိုက်ပြီး တစ်လတွင် ပျက်စီးဆုံးရှုံးမှုများနှင့် သိုလှောင်ချိန် ပျက်စီးဆုံးရှုံးမှုများရှိသကဲ့သို့ ရိတ်သိမ်းပြီး နောက်ပိုင်းကာလတွင် ကြုံတွေ့ကြရသည့် သီးနှံလေလွင့်ဆုံးရှုံးမှုက ပိုမိုများပြားသည်ကိုတွေ့ရှိရကြောင်း။ 

 

ရာသီဥတုပြောင်းလဲခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံး သီးနှံများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ပဲစင်းငုံ၊ ပဲတီစိမ်း၊ မြေပဲတို့ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၌ ပဲကြီး၊ နေကြာ၊ နှမ်းသီးနှံတို့ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် သွင်းအားစုဈေးနှုန်းမြင့်မားခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ အလုပ်သမား ရှားပါးခြင်း၊ သီးနှံဖျက်ပိုးနှင့် ပေါင်းကျရောက်ခြင်းနှင့် စိုက်ပျိုးရေရရှိမှုခက်ခဲခြင်း စသည့် အခက်အခဲများကို တောင်သူများ အများဆုံးကြုံတွေ့ကြရသည်ကို ယခုစီမံကိန်းတွင် လေ့လာဆန်းစစ်နိုင်ခဲ့ပါကြောင်း ၊အပူပိုင်းဇုန်ဒေသရှိတောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းစေရေးနှင့် ဒေသ၏ကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက် အထောက်အကူများစွာဖြစ်စေခဲ့သော ယခုစီမံကိန်းဆောင်ရွက်ခွင့်ရရှိရေးနှင့် စီမံကိန်း၏ ရည်ရွယ်ချက်များအတိုင်း အောင်မြင်အောင် ကြိုးပမ်းပေးခဲ့ကြသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး(နေပြည်တော်) သံရုံးတာဝန်ခံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဌတို့က စီမံကိန်းအောင်မြင်စွာပြီးမြောက်ခြင်း အတွက် ဂုဏ်ပြုစကားပြောကြားကြပြီး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာသန္တာကြည် က စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တာဝန်ရှိသူများက စီမံကိန်း၏ ရောဂါပိုးမွှားဆိုင်ရာ သုတေသနတွေ့ရှိချက်များ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သုတေသနတွေ့ရှိချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်း ()ခု ဆောင်ရွက်ခွင့်ရရှိခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)တွင် စီမံကိန်းဦးစီးဌာန၊ စီမံကိန်းစိစစ်သုံးသပ်ရေး ဌာနခွဲက တာဝန်ယူဆောင်ရွက်ခဲ့သောမြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လာဆန်းစစ်ခြင်း” စီမံကိန်းကို မန္တလေးတိုင်းဒေသကြီးမှ (၇) မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးမှ (၈) မြို့နယ်၊ စုစုပေါင်း မြို့နယ်(၁၅)ခုတွင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သီးနှံဖျက်ပိုးရောဂါကာကွယ်နှိမ်နင်းခြင်းကို ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများအား အဓိကအသုံးပြုကြသော်လည်း သီးနှံပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် စိုက်ချိန်ညှိခြင်း၊ မျိုးပြောင်းလဲခြင်း၊  စိုက်ပျိုးနည်းစနစ်ပြောင်းလဲခြင်းနှင့် မြေနှင့်ရေစီမံခန့်ခွဲခြင်း၊ ဘက်စုံ ရောဂါကာကွယ်နှိမ်နင်းနည်းလမ်းများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုးနည်းစနစ်များ ကို စိုက်ပျိုးရေးပညာရှင်များ ဖြန့်ဝေပေးနိုင်ခဲ့သဖြင့် တောင်သူများဝင်ငွေ တိုးတက်ရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းစေရေးကို များစွာအထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)