နေပြည်တော် ၁၇ မတ်

 

COVID – 19 ရောဂါ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ ကုန်ကြမ်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအသင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊ China Enterprise Chamber of Commerce in Myanmar (CECCM ) တို့ ပူးပေါင်းစီစဉ်မှုဖြင့် အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် လေကြောင်းလိုင်းများမှ တင်ပို့လျက်ရှိရာ မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ CMP ကုန်ကြမ်း မော်တော်ယာဉ် အစီး  ၅၀  ခန့် နေ့စဉ်တင်သွင်းလျက်ရှိပြီး    ယနေ့တွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့မှ AQ – 1359 Cargo ကုန်တင်လေယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်ကြမ်း ပစ္စည်းများမှာ ယနေ့ည ၁၀ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ကြောင်း  သိရသည်။

 

12347890997

 

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက အဆိုပါ ကုန်ကြမ်းပစ္စည်းများမှာ အထည်ချုပ်စက်ရုံ (၁၁) ရုံအတွက် အရေးပေါ် လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများဖြစ်ကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်  အထွေထွေအတွင်းရေးမှူး၊  မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း  တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်  က "ကွမ်ကျိုးကနေ တိုက်ရိုက်လာခဲ့တဲ့လေယာဉ် ဖြစ်ပါတယ်။ စုစုပေါင်းကုန်ကြမ်း ၁၅ တန်ပါ။ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်တွေ မနက်ဖြန်မနက်ပြီးတာနဲ့ စက်ရုံတွေဆီပေးပို့မှာပါ။ တရုတ်နိုင်ငံဘက်က ဒီတစ်ခါအဆင်ပြေရင် ထပ်မံပေးပို့မယ့် အခြေအနေရှိပါတယ်။ ဟိုဘက်မှာ ကုန်ကြမ်းမပြတ်လပ်ဖို့လည်း လိုအပ်တာပေါ့နော်။ ဒီမှာလည်း ကုန်ကြမ်းရှိမှ လုပ်ငန်းတွေလည် ပတ်လို့ရမှာ ဖြစ်ပါတယ်။ လေယာဉ်စရိတ်က သင်္ဘောစရိတ်ထက်တော့ ပိုတာပေါ့။ အလုပ်ဆက်ရှိနေဖို့နဲ့ အလုပ်ဆက်လက်ပေးထားနိုင်ဖို့ ကုန်ကြမ်းရှိမှ အဆင်ပြေတာမို့ အခုလို ချိတ်ဆက်နိုင်တဲ့အတွက် ၀မ်းသာမိတယ်"ဟု ပြောကြားသည်။

 

46457567

 

မြန်မာနိုင်ငံ တရုတ်အထည်အလိပ် အထည်ချုပ်အသင်း ဥက္ကဋ္ဌ ဦးစန်းခွန် က ကုန်ကြမ်းတွေ ပြတ်လပ်မှု မရှိစေဖို့အတွက် ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ သယ်ယူပို့ဆောင် နေပါတယ်။ လေယာဉ်နဲ့တင်ပို့တာ ကုန်ကျစရိတ် ပိုများပါတယ်။ ဒါပေမယ့် တစ်ကယ်အရေးပေါ် လိုအပ်နေတဲ့အတွက် ကုန်ကြမ်းကို လေယာဉ်နဲ့ တင်ပို့တာပါ။ အရေးကြီးတဲ့ ကုန်ကြမ်း တွေပြတ်လပ်မှု မရှိစေဖို့အတွက်လည်း တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ် “ ဟု ပြောသည်။

 

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက “တရုတ်အစိုးရနဲ့ တရုတ်လုပ်ငန်းရှင်တွေတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ကျွန်တော်တို့ နိုင်ငံဘက်ကလည်း အကောက်ခွန်ရှင်းလင်းရေးတို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့  ပူးပေါင်း ဆောင်ရွက်မှုတွေ အားလုံးဝိုင်းပြီး လုပ်တဲ့အတွက် မြန်မြန်ဆန်ဆန်နဲ့ ကလေးတွေ အလုပ်လက်မဲ့ မဖြစ်အောင် အဆက်မပြတ် လုပ်နိုင်အောင် ဖြစ်လာတဲ့အတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ရတယ်လို့ ယူဆပါတယ်။ ကုန်ကြမ်းပြတ်လပ်မှုကြောင့် ရန်ကုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံ ၂၀ လောက် လုပ်ငန်း ရပ်ဆိုင်းထားရတယ်။ အထည်ချုပ်စက်ရုံတွေ ဆက်ပြီး ရပ်မသွားအောင် ဒီလိုအစီအစဉ်မျိုးတွေ ဝိုင်းကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ဒီလို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုတွေက ကျွန်တော်တို့အတွက် အင်အားဖြစ်ပါတယ်။ အထည်ချုပ်လုပ်သားတွေအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ဆက်တိုက်ရလာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံပေါင်း ၄၀၀ ကျော်ရှိပြီး COVID-19  ရိုက်ခတ်မှုကြောင့် အထည်ချုပ်ကုန်ကြမ်းများ ပြတ်လပ်ကာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၂၀ ခန့် ရပ်နားထားရကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

သတင်း-ခင်ရတနာ ၊ မင်းသစ်(MNA)

ဓာတ်ပုံ-သန်းထိုက်