ရန်ကုန်   ဒီဇင်ဘာ   ၃၀

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ်(၂၂၈)ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ စာအုပ်အလှူရှင် တက္ကသိုလ်စိုးယဉ်မိသားစုဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ စာအုပ်လှူဒါန်းပွဲ ကျင်းပရာ စာရေးဆရာတက္ကသိုလ်စိုးယဉ်က ကိုယ်တိုင်ရေးသားသော တန်ဖိုး ၅၈ သိန်းရှိ သုတ၊ ရသ စာအုပ် သုံးမျိုး၊ အုပ်ရေ ၉၀၀ ကို ပေးအပ်လှူဒါန်းရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။ ထို့နောက် အလှူရှင် တက္ကသိုလ်စိုးယဉ်က စာအုပ်လှူဒါန်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ကျင်းပရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)