တောင်တွင်းကြီး ၃ ဒီဇင်ဘာ
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ဒီဇင်ဘာ၃ရက် နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း နာယက ဦးဝင်းမောင်က တိုင်းဒေသကြီးနှင့် မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း တို့နှင့် ပူးပေါင်း၍ ကျေးရွာစာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးရေး၊ စာအုပ်စာစောင်ရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ စာကြည့်တိုက် ကော်မတီဝင်များနှင့် စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် အနာဂတ်တွင် ဆက်လက်ရှင်သန်စေမည့် လူမှုအဖွဲ့အစည်းအတွင်း စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ပြန်ဆက်ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ် ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်များ၊ ပြည်သူ့စာကြည့်တိုက်များအား မိတ်ဘက် အဖွဲ့အစည်း အဖြစ် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံစာကြည့်တိုက် များ ဖောင်ဒေးရှင်း အပါအဝင် အလှူရှင်များ ရှာဖွေ၍ ကူညီပေးခြင်း၊ စာကြည့်တိုက် လုပ်ငန်း ဆောင်ရွက်မှုအတွက် အကူအညီပေးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းသော စာအုပ်များအား ပေးအပ် လှူဒါန်းရာ ကျေးရွာ စာကြည့်တိုက်ကော်မတီဝင်များက လက်ခံရယူခဲ့ပြီး မြို့နယ်စာကြည့်တိုက် များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းတင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းကမြို့နယ် အတွင်းရှိ စာကြည့်တိုက် လုပ်ငန်းများ ရှင်သန်လျက်ရှိသည့် မြို့နယ်စာကြည့်တိုက် (၂၂)တိုက် အတွက် သုတ/ရသ စာအုပ် (၁၀ဝ)ကို ပထမအကြိမ် ပေးအပ်လှူဒါန်းပေးခြင်းဖြစ်ပြီး စာကြည့်တိုက် လုပ်ငန်းရှင်သန် ဖွံ့ဖြိုးရန် စာကြည့်တိုက်များအတွက်လည်း ဆက်လက် လှူဒါန်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။
နိုင်ဝင်း(တောင်တွင်းကြီး)