မန္တလေး မေ ၂၀

 

မြန်မာနိုင်ငံ စားဖိုမှူးကြီးများအသင်း (Myanmar Chefs Association) နှင့် METRO Wholesale Myanmar တို့သည် စောင့်ကြည့်လူနာများထားရှိသော ကွာရန်တင်းစင်တာများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အာဟာရဓာတ်နှင့် အရည်အသွေး မြင့်မားပြီး ဘေးကင်းလုံခြုံစိတ်ချရသော အစားအစာများ၊ အသင့်စား အစားအစာများနှင့် သောက်သုံးစရာများကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်လှူဒါန်းခဲ့ပြီး ရန်ကုန်မြို့နယ်အတွင်းရှိ ကွာရန်တင်းစင်တာ ၂၁ ခုမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် စောင့်ကြည့်လူနာများအား ကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် ပြန်လည်ဖြန့်ဝေပေးခဲ့သည်။

 

"မြန်မာနိုင်ငံက အခုလို ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေရတဲ့အချိန်မှာ MCA ရဲ့ ပံ့ပိုးမှုနဲ့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို အကူအညီကောင်းတွေ ပေးနိုင်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ကျွန်တော်တို့ရဲ့ အကူအညီအထောက်အပံ့လေးဟာ ရှေ့တန်းကနေ ပင်ပင်ပန်းပန်းနဲ့ မနားမနေ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုသမှုခံယူနေတဲ့သူတွေ၊ စေတနာ့ဝန်ထမ်းတွေအတွက် အထောက်အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု METRO Wholesale Myanmar အမှုဆောင်အရာရှိချုပ် Mr. Jens Michel က ပြောကြားသည်။

 

မြန်မာနိုင်ငံသို့ METRO စတင်ဝင်ရောက်လာချိန်မှစ၍ MCA နှင့်အတူလက်တွဲပြီး ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်နှင့် ကျွေးမွေးဧည့်ခံခြင်း လုပ်ငန်းနယ်ပယ် (HORECA) တို့အား ဖွံ့ဖြိုးလာစေရန်နှင့် အပြုသဘောဆောင်သည့် လူမှုအကျိုးသက်ရောက်မှုများ ဖြစ်လာစေရန် စီမံကိန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စီမံကိန်းများတွင် စားနပ်ရိက္ခာ လှူဒါန်းခြင်းများနှင့် ရေဘေးသင့်ဒုက္ခသည်များအတွက် အရေးပေါ်ကယ်ဆယ်မှုများ၊ မသန်စွမ်းကျောင်းများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများ၊ အစားအစာနှင့် သောက်သုံးစရာ အဖျော်ယမကာနှင့်ဆိုင်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်းများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှုများပါဝင်ကြောင်း သိရသည်။

 

ယခုအချိန်ဟာ လူတိုင်းအတွက် ခက်ခဲလျက်ရှိတဲ့ အချိန်ကာလတစ်ခုပြီး COVID-19 ကာလ အတွင်းမှာ ကျွန်တော်တို့ရဲ့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ “Help the Helping” (ကူညီနေသူကို အားပေးကူညီပါ) ဆိုတဲ့အတိုင်း လိုက်နာကျင့်သုံးတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေဟာ ရန်ကုန်မြို့တစ်မြို့ထဲ မဟုတ်ပါဘူး။ မွန်ပြည်နယ်မှာရှိတဲ့ မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ် သံတွဲမြို့ စသည်ဖြင့် နိုင်ငံတဝန်းလုံးမှာ လုပ်ဆောင်လျက်ရှိပါတယ်။ သံတွဲဆေးရုံကို အလှူငွေကျပ် ဒသမ သန်းကျော်တန်ဖိုးရှိတဲ့ အစားအစာအမျိုးအစား အစုံကိုလည်း လှူဒါန်းခဲ့ပါတယ်ဟု မြန်မာနိုင်ငံ စားဖိုမှူးကြီးများအသင်း၏ ဥက္ကဋ္ဌနှင့် နယ်စည်းမခြား စားဖိုမှူးကြီးများအသင်း၏ ကမ္ဘာလုံးဆိုင်ရာ ဘုတ်အဖွဲ့ဝင်ဖြစ်သူ Oliver E Soe Thet မှ ပြောကြားခဲ့သည်။

 

မေသက်ထား