ရန်ကုန် ၇  ဖေဖော်ဝါရီ 

မြန်မာနိုင်ငံ စာရေးဆရာအသင်းသို့ အမေရိကန်နိုင်ငံရောက် ဦးခင်မောင်သိန်း + စာရေးဆရာမ စစ်ကိုင်းစိမ်းစိမ်း (Susan Thein) တို့က အလှူငွေ လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်း ခန်းမ၌ ကျင်းပသည်။

လှူဒါန်းပွဲသို့ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ သိပ္ပကျော်စွာ ဦးကျော်ဝင်း (အမျိုးသားစာပေဆုရ မနုဿကျော်ဝင်း)နှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအမှုဆောင် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင် မိသားစုများ တက်ရောက်ကြသည်။

အစီအစဉ်အရ စာရေးဆရာအသင်း ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အလှူရှင် စာရေးဆရာမ စစ်ကိုင်းစိမ်းစိမ်း (Susan Thein) က အလှူငွေ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးခင်မောင်သိန်း + စာရေးဆရာမ စစ်ကိုင်းစိမ်းစိမ်း(Susan Thein) တို့က အလှူငွေ ကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး အသင်းဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က  ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

စာရေးဆရာမ စစ်ကိုင်းစိမ်းစိမ်းသည် မြန်မာနိုင်ငံသို့ ၂၀ဝ၄ ခုနှစ်မှစ၍ နှစ်စဉ် လာရောက်ကာ ၎င်းကိုယ်တိုင်ရေးသားသည့် ဝတ္ထု၊ ဆောင်းပါး ပေါင်းချုပ်စာအုပ်များကို ထုတ်ဝေခြင်းနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းသို့ အလှူငွေများ လှူဒါန်းခြင်းများ ပြုလုပ်သည်။

ယခုနှစ်တွင် “ပန်းနှယ် စမ်းနှယ် လွမ်းဧည့်သည်” (Like Flower, Like Spring, the Missing Visitor) စာအုပ်ကို ထုတ်ဝေဖြန့်ချိကာ အလှူငွေ ပေးအပ်ပွဲအခမ်းအနားတွင် စာအုပ်များ လက်ဆောင်ပေးအပ်သည်။ 

သတင်း - ဥမ္မာသန့်