mdn

နေပြည်တော် ၂၇ အောက်တိုဘာ 

မြန်မာနိုင်ငံ စားသုံးသူကာ ကွယ်ရေးကော်မရှင် (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေးရေး၊ ကုန်သွယ်မှုပညာပေးရေးနှင့် စားသုံးသူအကာအကွယ်ပေးရေး စသည့်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့်အပြင် SMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း။

စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ မတ် ၁၅ ရက်တွင် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဌာန်းခဲ့ပြီး ၎င်းဥပဒေအရ  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ကို အဖွဲ့ဝင် (၂၁)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ကော်မရှင်ဖွဲ့စည်းပြီးနောက် ၁/၂၀၁၉ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၉)ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း ဥပဒေအရ ရရှိထားသည့် လုပ်ပိုင်ခွင့်နှင့် တာဝန်များအရ စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများရေးဆွဲခြင်းနှင့် အစီအမံများချမှတ်ခြင်း၊ စားသုံးသူအသုံးပြုမည့် သို့မဟုတ် စားသုံးမည့်ကုန်စည်များ လုံခြုံစိတ်ချရမှုရှိစေရန် ဦးစားပေးကဏ္ဍ များသတ်မှတ်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စားသုံးသူရေးရာကော်မတီ၊ ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် လိုအပ်ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စားသုံးသူရေးရာကော်မတီနှင့် ခရိုင်စားသုံးသူရေးရာကော် မတီများဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကိုသတ်မှတ်ပေးခြင်း၊ ဦးစီးဌာန သို့မဟုတ် ကော်မတီက တင်ပြလာသည့် ထူးခြားသောအခြေအနေများ၊ လုပ်ငန်းစဉ်များ၊ ဒဏ်ကြေးငွေချမှတ်ခြင်းများနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း၊     ကော်မတီကချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များအပေါ် အယူခံမှုကို သတ်မှတ်ကာလအတွင်း အဆုံးအဖြတ်ပေးခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊     Covid-19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ခဲ့ရသည့် ကာလများအတွင်း အခြေခံစားသောက်ကုန်များ၊ ကျန်းမာရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းမှ ကာကွယ်နိုင်ရန်အတွက် အမိန့်စာများထုတ် ပြန်ကြေညာခြင်း၊ ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခြင်းများကို ကော်မရှင်၏လမ်းညွှန်မှုနှင့်အညီ စားသုံးသူရေးရာဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ စားသုံးသူကာကွယ်ရေးအတွက် အနာဂတ်ကာလများမှာ ချမှတ်သင့်သောမူဝါဒများ ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက စားသုံးသူ ကာကွယ်ရေးကော်မရှင်အနေဖြင့် စားသုံးသူရေးရာနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ ထိရောက်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ ပြုစုတင်ပြလာသည့် အမျိုးသားစားသုံးသူ ကာကွယ်ရေးအစီအစဉ် (NCPP) ကို စနစ်တကျ အကောင်အထည်ဖော်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ NCPP တွင် ထည့်သွင်းပြဌာန်းထားသည့် နှစ်အလိုက် ဆောင်ရွက်ရမည့် Action Plan များကိုလည်း ကော်မရှင်အဖွဲ့ဝင်များမှ ဦးဆောင်၍ စနစ်တကျ ကြပ်မတ်အကောင်အထည် ဖော်သွားရန်လိုကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရေးအတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများနှင့် သီးခြား Working Group များ ဖွဲ့ စည်းဆောင်ရွက်သွားရန်နှင့် SOP များ ရေးဆွဲအကောင်အထည်ဖော်သွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စားသုံးသူ ရေးရာကော်မတီများကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များတွင် သာမက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ခရိုင်များကိုလည်း တိုးချဲ့ဖွဲ့စည်းသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ကော်မရှင် အစည်းအဝေးသို့ တင်ပြသည့်အမှာစာများအား ရှင်းလင်းဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး အကြံပြုခဲ့ကြသည်။    
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကော်မရှင်အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီများနှင့်အတူ စားသုံးသူပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ ဖြစ်သည့်အတွက် အဖွဲ့ဝင်အားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်

 

mdn