နေပြည်တော်  ၁၀  အောက်တိုဘာ

 

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း (၁၈) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ကျင်းပသည်။ 

 

အခမ်းအနား၌ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း နာယက၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးက ဆေးနှင့် ဆေးပစ္စည်းများကို အပြိုင်အဆိုင်ဝယ်ယူခဲ့ကြပြီး မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ဆေးနှင့် ဆေးပစ္စည်းများကို ဝယ်ယူရန်အတွက် အခက်အခဲရှိနေချိန်၌ အရည်အသွေးပြည့်မီ၍ သင့်တင့်သောဈေးနှုန်းဖြင့် အချိန်မီဝယ်ယူရရှိ နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ကြီးဌာနအား ယခုကဲ့သို့ ပံ့ပိုးခြင်းသည် ပြည်သူများ အကျိုးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနသည် အမျိုးသားဆေးဝါးဥပဒေ၊ နှီးနွှယ်ဥပဒေများ၊ အာဆီယံနိုင်ငံများအကြား သဘောတူညီ သတ်မှတ်ချက်များနှင့်အညီ ဆေးနှင့်ဆေးပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းသည် ဝန်ကြီးဌာန၏ အရေးကြီးသော မိတ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် ဤအသင်းသည် နှစ်ပေါင်းများစွာပေါင်းစပ်၍ လုပ်ကိုင်ရမည်ဖြစ်သည့်အတွက် ရေရှည်ကာလအတွက် မျှော်မှန်းကာ ဝန်ကြီးဌာနနှင့် အသင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုကောင်းမွန်ထိရောက်စေရေး မူဘောင်များ၊ စနစ်(system)များ ရေးဆွဲဆောင်ရွက်ရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရေးဌာနစိတ်မှ တာဝန်ရှိသူများနှင့် အသေးစိတ်ဆွေးနွေးမှုများ အမြန်ဆုံး ပြုလုပ်စေလိုပါကြောင်း။

 

ထိုသို့ဆွေးနွေးရာတွင် ဝန်ကြီးဌာနမှ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးခြင်း၊ ထောက်ပံ့ပို့ဆောင်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ်၊ ထောက်ခံချက်လက်မှတ် စီမံခန့်ခွဲမှုစနစ်  စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အားနည်းချက်များ၊ လိုအပ်ချက်များအား အသင်းမှပညာရှင် များက ပွင့်လင်းစွာ အကြံပြုပြောကြားစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကုသရေးဦးစီးဌာန၏ ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် ဘဏ္ဍာငွေအား (၂၀၁၉-၂၀) ခု ဘဏ္ဍာနှစ်က ၁၄၇ ဘီလီယံကျပ်သာ အသုံးပြုခဲ့ရာမှ လာမည့် (၂၀၂၀-၂၁) ခုဘဏ္ဍာနှစ်တွင် ၃၀၀ ဘီလီယံကျပ်အထိ တိုးမြှင့်အသုံးပြုသွားရန် လျာထားသည့်အတွက် အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းသင့်တင့်သော ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူနိုင်ရန်သည် အထူးအရေးကြီး ပါကြောင်း၊ ထိုသို့ဝယ်ယူရာတွင် အရည်အသွေးမှန်ကန်သည့် ဆေးနှင့်ဆေးပစ္စည်းများ ရွေးချယ်ဝယ်ယူနိုင်ရန် အတွက် ဆေးနှင့်ဆေးပစ္စည်းများအလိုက် အသေးစိတ်အချက်အလက်နှင့် အရည်အသွေး သတ်မှတ်ချက်များသည် အရေးကြီးပါကြောင်း၊ ဆေးနှင့် ဆေးပစ္စည်းအမျိုးအစားအလိုက် အသေးစိတ်အချက်အလက်နှင့် အရည်အသွေး သတ်မှတ်ချက်များကို စုံလင်စုစည်းထားရှိမှု (specification bank) ပြုလုပ်ရာတွင်အသင်းမှ ပညာရှင်များက ဝန်ကြီးဌာနအား ပံ့ပိုးဆောင်ရွက်စေလိုပါကြောင်း၊ အသင်း၏ ရည်မှန်းချက်နှင့် ဦးတည်ချက်များ၊ ပင်မအခြေခံ အလေးပေးတန်ဖိုးထားမှုများနှင့် ချမှတ်ထားသော လုပ်ငန်းကျင့်ဝတ် (code of conduct) များသည် ကောင်းမွန်ပြီး အဆိုပါအချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ကာ တိုးတက်ဖွံ့ဖြိုးသောအသင်းကြီး ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ဦးတည်ချက်များအနက် လုပ်ငန်းကျင့်ဝတ်ပီပြင်မှုသည် အသင်းကြီးဖွံ့ဖြိုးတိုးတက်မှု အတွက် အထူးအရေးကြီးပါကြောင်း၊ ပြည်သူများ အရည်အသွေးမှန်ကန်ပြည့်ဝပြီး အဖိုးနှုန်းသင့်တော်သည့် ဆေးဝါးများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် အသင်းမှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးစေလိုပါကြောင်း။

 

ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) တည်ဆောက်ရာတွင်လည်း ပံ့ပိုးပါဝင်လှူဒါန်း ဆောင်ရွက်မှုများ အပါအဝင် အသင်းကြီးမှ များပြားသောလှူဒါန်းမှုများအတွက် ဝန်ကြီးဌာနမှ အရာထမ်းနှင့် အမှုထမ်းများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ အသင်းကြီးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးနှင့်ဆေးပစ္စည်း ဆိုင်ရာကိစ္စရပ်များအား မည်ကဲ့သို့ပံ့ပိုးနိုင်မည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုလည်း သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ရောဂါကူးစက်မှု ဒုတိယလှိုင်း၏နောက်တွင် လည်း ထိရောက်သော ကာကွယ်ဆေးမပေါ်ပေါက်သေးသည့် ကာလတစ်လျှောက်လုံး၌ ရောဂါကူးစက်မှု လှိုင်းငယ်များရှိလာနိုင်သဖြင့် အသင်းအနေဖြင့် ဝန်ကြီးဌာနနှင့် ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်စေ လိုပါကြောင်း၊ အသင်းကြီး၏ နှစ်ပတ်လည်အစီရင်ခံစာများကိုလည်း ယခုထက် ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးဆောင်ရွက်ရမည့်လုပ်ငန်းများကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း နာယက၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေးကော်မတီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် UNOPS နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလ အတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်း သက်သာစေရေးအတွက် ဆေးဝါးများနှင့် ဆေးဝါးထုတ်လုပ်ရာ တွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများအားလုံးအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုပေးကြောင်း၊ လှူဒါန်းသည့် ကိုဗစ်-၁၉ နှင့်သက်ဆိုင်သော ဆေးဝါးများ တင်သွင်းရာတွင် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် FDA နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ထို့ပြင် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သော ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ မှတ်ပုံတင်ခြင်း အပါအဝင် အခြားသော မှတ်ပုံတင်ခြင်းကိစ္စများ၊ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခြင်းများကို အွန်လိုင်းစနစ်ဖြင့် အပြည့်အဝ ကျင့်သုံးဆောင်ရွက်နိုင်ရေး ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ Tradenet 2.0 စနစ်အား အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊  ကိုဗစ်-၁၉ နှင့် ပတ်သက်သော ဆေးဝါးများ ပုံမှန်တင်သွင်းနိုင်ရေးအပြင် ဆီးချို၊ သွေးတိုး၊ နှလုံးအစရှိသည့် ရောဂါများနှင့် သက်ကြီးရွယ်အိုများအတွက် အသုံးပြုရသည့် ဆေးဝါးများတင်သွင်းမှု ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊  ရေရှည်တွင် ပြည်တွင်း၌ ဆေးဝါးထုတ်လုပ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဦးဇော်မိုးခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အသင်းမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပံ့ပိုးပါဝင်မှုနှင့် လှူဒါန်းမှုများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့်ပူးပေါင်းကာ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ဆေးပစ္စည်း များဆိုင်ရာ ဥပဒေပေါ်ပေါက်လာရေး ပူးပေါင်းဆောင်ရွက်နေမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ (၂၀၂၀-၂၀၂၂) ခုနှစ် သက်တမ်းအတွက် ရွေးချယ်ခံရသော ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်စာရင်းကြေညာခဲ့ပြီး အစည်းအဝေး ပထမပိုင်းကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်