ရန်ကုန်၊ ၁၅ ဒီဇင်ဘာ
ကိုဗစ်-၁၉ ဖြစ်ပွားဆဲကာလတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စားသုံးဆီကို ပုံမှန်အတိုင်းတင်သွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
“လက်ရှိစားသုံးဆီတင်သွင်းမှုအနေနဲ့ ပုံမှန်တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိပြီးတော့ သက်ဆိုင်ရာ ဆီကန် များမှာ လည်း ဆီပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ထားပါတယ်။ သက်ဆိုင်ရာဆီကန်များမှာ တင်သွင်းလာ တဲ့ တန်ချိန်ရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက်ကို လက်ကျန်အဖြစ်ထားရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနကို စဉ်ဆက်မပြတ်ပေးပို့ပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဆန်းလင်းက အသင်း၏ (၂၈) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားစဉ်က အရှေ့တောင်အာရှနိုင်ငံများတွင် စားသုံးဆီဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းမှာလည်း ဈေးမြင့်တက်သွားခဲ့သည်။ ထိုကြောင့် မတ်လနှင့် ဧပြီလများတွင် စားသုံးဆီဈေးနှုန်းများ မတည်မငြိမ်ဖြစ်ကာ ကောလာဟလသတင်းများကြောင့် အခက်အခဲ အချို့ ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် အချိန်မီ သတင်း ထုတ်ပြန်နိုင်ခဲ့မှုကြောင့် စားသုံးသူများအနေဖြင့် လိုအပ်သည်ထက်ပို၍ ဝယ်ယူစုဆောင်ခြင်းမျိုးမရှိတော့ဘဲ ပုံမှန်အတိုင်းသာ ဝယ်ယူစားသုံးမှုပြုနိုင်ခဲ့ကြသည်။
နောက်ပိုင်းတွင် ပြည်တွင်းစားသုံးဆီများ မပြတ်မလပ် တင်သွင်းထားမှု၊ နိုင်ငံတော်ပိုင်းမှ အရန်ဆီများ ဝယ် ယူသိုလှောင်ထားနိုင်မှု၊ ပြည်တွင်းစားသုံးဆီများ ပုံမှန်ဖြန့်ဖြူးပေးနိုင်မှုတို့ကြောင့် စားသုံးသူများအနေဖြင့် လိုအပ်သည်ထက်ပို၍ ဝယ်ယူစုဆောင်ခြင်းမျိုးမရှိတော့ဘဲ ပုံမှန်ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိစေရန် စိုက်ပျိုးထုတ်လုပ်သော တောင်သူမှ စားသုံးဆီ ထုတ်လုပ်သောလုပ်ငန်းအထိ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးမှု၊ အထွက်နှုန်းကောင်းအောင်ကြိုးပမ်းမှု၊ စိုက်ပျိုးထားသော ဆီထွက်သီးနှံများအား သန့်စင်အောင်ကြိတ်ခွဲထုတ်လုပ်မှု၊ ကျန်းမာရေးနှင့်ညီညွတ်သော ထုတ်ပိုးမှုစနစ်ဖြင့် စားသုံးသူများထံ ဖြန့်ဖြူးရောင်းချမှု စသောလုပ်ငန်းစဉ်တစ်ေလျှာက် အဆင့်ဆင့် ပြောင်း လဲရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဆီထုတ်လုပ်မှုမှာ တန်ချိန် ၄ သိန်းကျော်ရှိပြီး စားသုံးမှုမှာ တန်ချိန် ၁၁ သိန်း ခန့်ရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၇ သိန်းနီးပါး ကို ပြည်ပမှတင်သွင်းနေရကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီဖူလုံရေး၊ အရည်အသွေးပြည့်မှီရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း


