ရန်ကုန် ၂၂ အောက်တိုဘာ
မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၁၉-၂၀၂၂ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ၏ ၁/၂၀၁၉ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး မင်္ဂလာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးချစ်ခိုင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးတင်ဝင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးနှင့် သဘာပတိ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ အသင်းအထွေထွေအတွင်းရေးမှူး ဦးရာဇာမျိုးက စက်တင်ဘာ ၂ ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ၁/၂၀၁၉ အစည်းအဝေးမှတ်တမ်းနှင့် ဆုံးဖြတ်ချက်များကို ဖတ်ကြားအတည်ပြု၍ ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြပြီး ဘဏ္ဍာရေးမှူး ဒေါ်သီတာဝင်းက အသင်း၏ စက်တင်ဘာ ၃၀ ရက်ရှိ ရငွေ/သုံးငွေ၊ ငွေလက်ကျန်နှင့် ဘဏ်လက်ကျန်စာရင်းကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြည်ပသို့ ဆန်တင်ပို့ရောင်းချရေး လုပ်ငန်းကို စက်ဆန်လုပ်ငန်းရှင်များ စုပေါင်းပါဝင်လုပ်ကိုင်မည့် အစီအစဉ်ကို ရှင်းလင်းတင်ပြပြီး အသင်းဒုတိယဥက္ကဋ္ဌ ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းက အသင်း၊ သင်းဖွဲ့ မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းပြင်ဆင်ရေး၊ ကော်မတီအဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်းရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်း ဥက္ကဋ္ဌများက မိမိတို့ဒေသရှိ ဆန်စပါးထွက်ရှိမှုအခြေအနေ၊ ဆန်ဈေး၊ စပါးဈေး အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြကြရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး သဘာပတိ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်


